မိဘနှစ်ပါးဟာ သားသမီးတွေကို ငယ်စဉ်တောင်ကြေး ကလေးဘ၀က ယနေ့အချိန်ထိ
ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့ကြရတာပါ။ စာရေးသူ ဒီနေရာမှာ အဖြစ်အပျက် အတွေ့အကြုံလေးတစ်ခု
ပြောပြပါဦးမယ်။ စာရေးသူရဲ့ ပစ္စည်းလေးပါ ဒါယကာ ဒါယိကာမ မိသားစု တစ်စုရှိပါတယ်။ ဒကာကြီးဟာ
အိမ်ထောင်ကျတဲ့နေ့ကစပြီး ရိုးရိုးသားသားကြိုးကြိုးစားစားဖြင့် နာရီပြင်တယ်။ နာရီဆိုင်ဖွင့်ခဲ့ပါတယ်။
ဒီစီးပွားရေးလုပ်ငန်းနဲ့ပဲ နာမည်ပေါက်အောင်မြင်ခဲ့ပါတယ်။ စီးပွားရေးကို ရိုးသားစွာ ရှာဖွေရင်း အချိန်ဖြုန်း ငွေဖြုန်းအပျော်အပါးကိစ္စမှန်သမျှကို ဝေးစွာရှောင်ကြဉ်ခဲ့ပါတယ်။ ဒီလိုနဲ့သားသမီးလေးတွေထွန်းကား မူကြိုအရွယ်၊ မူလတန်းအရွယ်၊ အလယ်တန်းအရွယ်၊ အထက်တန်းအရွယ်၊ ဘွဲရအရွယ်အဆင့်ဆင့်ဖြင့် မိမိသားသမီးတွေကို လူတန်းစေ့နေနိုင်အောင် လူတောထဲမှာ မျက်နှာမငယ်ရအောင် စီးပွားရေးကို ကြိုးကြိုးစားစား ရိုးရိုးသားသား ရှာဖွေရင်း သားသမီးတွေကို ပညာအမွေပေးခဲ့ပါတယ်။
ဒီလိုနဲ့သားသမီးတွေ ကြီးပြင်းလာ အိမ်ထောင်ပြုချိန်၌ မင်္ဂလာအခမ်းအနားကအစ အဆင့်မြင့်ဆုံးတွေဖြစ်အောင် ထိမ်းမြားမင်္ဂလာ လက်ထပ်ပေးခဲ့ပါတယ်။ သားသမီးတွေကို မိမိရဲ့ စီးပွားရေးလုပ်ငန်းမှာ လက်တွဲခေါ်ယူပြီး အသက်မွေးဝမ်းကျောင်းပညာ မိမိနည်းတူ တစ်ထပ်တည်း ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်ဖို့အတွက် သားသမီး (၆) ယောက်ကို အသက်မွေးဝမ်းကြောင်းပညာ သင်ပေးခဲ့ပါတယ်။ သားသမီး (၆) ယောက်စလုံး သူ့နံပါတ်စဉ်အလိုက် ဘွဲ့အသီးသီးရရှိသွားကြပြီး အသက်မွေးဝမ်းကြောင်းပညာ အဆင့်ဆင့် သင်ယူကြနဲ့ နောက်ဆုံးအိမ်ထောင်ကျတဲ့အခါမှာ သူ့စီးပွား ကိုယ့်စီးပွား အိမ်ဆိုင် တစ်ယောက်တစ်လုံးနဲ့ သားသမီးတွေ စိတ်ချမ်းသာအောင် စီးပွားရေးလုပ်ငန်းမှာလည်း မျက်နှာမငယ်ရအောင် အသီးသီးထားပေးခဲ့ပါတယ်။
ဒီလိုနဲ့ ဒကာကြီးဟာ မိဘ၀တ္တရားအတိုင်း သားသမီးတွေကို ပညာအမွေ၊ ဥစ္စာအမွေ၊ သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်ဆိုတဲ့အတိုင်း အိမ်ထောင်ရက်သားတွေချပေး၊ သူလိုချင်တဲ့ အနေအထား ရောက်ရှိပြီး သားသမီးတွေ စီးပွားရေးတည်ငြိမ်စွာ လုပ်နိုင်သွားကြပြီဆိုတဲ့ အချိန်ကျမှ စိတ်ပေါ့ပါးလွတ်လပ်သွားပါတော့တယ်။ နှစ် (၃၀) လုံးလုံး လှောင်ချိုင့်မိခံထားရတဲ့ ငှက်တစ်ကောင်ဘ၀မှ ယခုတော့ဖြင့် အနှောင်အဖွဲ့တွေ လွှတ်လိုက်သလို စိတ်ပေါ့ပါးလန်းဆန်း သွားပါတော့တယ်။
အဲ့ဒီလိုနဲ့ ဒကာကြီးဟာ နှစ် (၃၀)လုံးလုံး “သင့်မိသားစုတာဝန် သင့်တာဝန်”ဆိုတဲ့အတိုင်း စီးပွားရေးလုပ်ငန်းမှာ ရိုးရိုးသားသား ကြိုးကြိုးစားစားရှာဖွေခဲ့ရတဲ့ သူ့နောက်ကြောင်းကို ပြန်စဉ်းစားရင်း ဒီနေ့မှစ ငါလွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းသာသလို ငါ့စိတ်နဲ့ငါ့ကိုယ်နေတော့မယ်။ မိမိဟာ နှစ် (၃၀)လုံးလုံး သားရေးသမီးရေး၊ စီးပွားရေးတွေမှာပဲ နစ်မြှုပ်ခဲ့ရတဲ့အတွက်ကြောင့် ယခုခေတ်ရဲ့အခြေအနေ ဘယ်လိုတိုးတက်ပြောင်းလဲနေမှန်းတောင် မသိခဲ့ရဘူး။ ယခုမှ အပြင်လောကကို လွတ်လွတ်လပ်လပ် ကြည့်ခွင့်ရတော့တယ်။ သားသမီး၊ ဇနီးမယားအတွက်လည်း နေမှု၊ ထိုင်မှု၊ စီးပွားရေးမပူရတော့ဘူး။ သားသမီးတွေလည်း ကိုယ်စိကိုယ်စီ မိမတို့ရဲ့ စီးပွားရေးကို ထိန်းသိမ်းနိုင်သွားကြပြီဆိုပြီး မော်ဒယ်လ်ဘွိုင်းလုပ်တော့တာပေါ့။ မော်ဒယ်လ်ဘွိုင်းဆိုတော့ သိတယ်မဟုတ်လား။ မော်ဒယ်လ်ဂဲလ်လေးတွေရောက်လာတော့တာပေါ့။ သူဟာ တစ်ခုတော့ရှိတယ် ချီးကျူးစရာကောင်းတာက အပျော်အပါးကိစ္စအတွက် သားသမီး ဇနီးမယားဆီက ငွေကို လုံးဝယူသုံးခြင်းမရှိပါဘူး။ သူရှာလို့ရတဲ့ သူ့ကိုယ်ပိုင်ငွေကိုပဲ သုံးပါတယ်။ ဒါသာ သူရဲ့သံမဏိစည်းကမ်းပါပဲ။ ဒီလိုနဲ့သူဟာ အစွမ်းကုန်လွတ်လပ်မှုတွေ ယလိုက်လေတော့ ဒကာမကြီးနဲ့အရင်ဆုံး ပြဿနာဖြစ်ပါလေရော၊ သိတယ်မဟုတ်လား ဒီလိုမျိုးကျတော့ ဘယ်သူက ခွင့်လွှတ်နိုင်မလဲ။
နောက်တော့ သားသမီးတွေကလည်း အဖေကိုဝိုင်းပြီးတော့ အပြစ်ပြောကြတယ်။ ဘယ်လိုမှပြောလို့မရတဲ့အဆုံး သားသမီးတွေဟာ ဖအေကို အဖေလို့တောင်မခေါ်ချင်ကြတော့ဘူး။ သူတို့ဆိုင်လာလို့ရှိရင်လဲ ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံကြတယ်။ သားသမီးတွေဟာ သူကျွေးခဲ့တဲ့ ထမင်းစားပြီး သူသင်ပေးခဲ့တဲ့ ပညာနဲ့ သူ့အရိပ်မှာနားခို သူ့ကျေးဇူးကိုမထောက် ကျေးဇူးကန်းတဲ့စကားတွေဖြင့် မိဘကိုစော်ကားပြစ်မှားခဲ့ကြပါတော့တယ်။ ဖြစ်သင့်ပါသလား? သူ့ဘက်ကကြည့်ရင်တော့ လွတ်လပ်စွာ မနေရတော့ဘူးလား။ ဒါကြောင့် ပထမပိုင်းကပြောခဲ့တယ်။ မိဘတွေရဲ့ အနေအထိုင် အလုပ်အကိုင် အပြောအဆိုတွေဟာ နေရာတိုင်း အချိန်တိုင်း မှန်ချင်မှ မှန်ပါလိမ့်မယ်။
တကယ်တော့ သားသမီးဆိုတာ မိဘကမွေးလို့ လူဖြစ်လာတာပါ။ မိဘမကောင်းတာ မကြည့်ပါနဲ့။ ကိုယ်မကောင်းဖြစ်မှာကိုပဲ ဂရုစိုက်ပါ။ မိဘက အပြစ်ပြောတာကို မကြည့်ပါနဲ့။ ကိုယ်ကပြန် အပြစ်မပြောမိအောင် သတိထားပါ။ မိဘနှင့်သားသမီး ပြဿနာဖြစ်ကြတယ်ဆို နှစ်ဦးစလုံးကြောင့်ဖြစ်တာတော့ မှန်ပါတယ်။ ဒါပေမယ့် သားသမီးကပဲ မိမိရဲ့စိတ်ကို အရင်စပြင်လိုက်ပါ။ လူဆိုတာကတော့ အမှားမကင်းတတ်ကြပါဘူး။ အမှားကင်းအောင်းလုပ်ဖို့က မလွယ်ပါဘူး။ အမှားနည်းအောင်လုပ်လို့ပဲ ရပါမယ်။ ခဲတံမှာ ခဲဖျက်တပ်ထားတယ်ဆိုတာ လူတိုင်း အမှားမကင်းတတ်ကြလွန်းလို့ပါ။ အမှားမကင်းတတ်ကြလွန်းလို့လဲ ခဲတံမှာ ခဲဖျက်တပ်ထားရခြင်းဖြစ်ပါတယ်။ အမှားဆိုတာက ဘေးကကြည့်တဲ့လူပဲ မြင်နိုင်တာပါ။ သားသမီးများအနေနဲ့ ငါတော့ ကောင်းတာလုပ်တာပဲ ကောင်းအောင်ပြောတာပဲ ကောင်းတာဖြစ်စေချင်တာပဲဆိုပြီး ကိုယ့်ကိုကိုယ် မမှားနိုင်ဘူးလို့တော့ တရားသေပြောလို့ မရနိုင်ပါဘူး။ မိဘနဲ့ပတ်သက်လာရင် ကိုယ်ပဲ ငရဲကြီးတာ ကိုယ်ကအရှုံးဘက်ကချည်းပါပဲ။ ဒါကြောင့် သားသမီးများအနေနဲ့ သတိထားဆင်ခြင်းပါ။

မှတ်ချက်
တောင်တွင်းအရှင်ဏ္ဍဒ္ဓိပါလ
အညတရဘိက္ခု၏
သားသမီးနှင့်မိဘငြိမ်းချမ်းရေး (သားသမီးနှင့်မိဘ တကယ့်ဖြစ်ရပ်မှန်များ) စာအုပ်မှ ကူးယူ၍ မဖတ်ရသေးသော သူငယ်ချင်းများအတွက် ရည်ရွယ်ပြီး စာစီရိုက်ကူးပေးထားခြင်းဖြစ်ပါသည်။

No comments:
Post a Comment