ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ကင်မွန်းခြုံကျေးရွာ by ကောင်းကင်ပြာ
ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...
Showing posts with label ပရဟိတဆိုင်ရာ. Show all posts
Showing posts with label ပရဟိတဆိုင်ရာ. Show all posts
ကွက်လပ်ဖြည့် မေတ္တာ
(၁) ကိုယ့်အစာအိမ်က မလိုအပ်ပဲ ၀ယ်စားလိုက် နေကြာစေ့ တစ်ထုပ်ရဲ့ တန်ဘိုးဟာ ဆာလောင်နေတဲ့ ကလေးတစ်ယောက် အတွက်ဆိုရင် အသက်ကယ်တဲ့ နေ့လည်စာ တစ်နပ်လည်း ဖြစ်နိုင်ကောင်းပါရဲ့....
(၂) ကိုယ့်ဖိနပ်စင်မှာ နေရာမလပ်ရှိနေပါလျှက် ထပ်မံ ဖြည့်တင်းလိုက်တဲ့
ဒေါက်ဖိနပ်တစ်ရံရဲ့ တန်ဘိုးဟာ ဆူးစူးနေတဲ့ ခြေထောက်လေးပေါင်းများစွာ အတွက်တော့ အကာအကွယ် တခု ပေးနိုင်ကောင်းပါရဲ့...
(၃) ပြည့်နှက်နေတဲ့ ကိုယ့်အ၀တ်ဗီဒိုထဲကို ပိုပြီး ကျပ်သိပ်သွားအောင်
ဖြည့်ဆည်းလိုက်တဲ့ နိုင်ငံခြားဖြစ် အ၀တ်တစ်ထည်ရဲ့ တန်ဘိုးဟာ
ခိုက်ခိုက်တုန်အောင် ချမ်းနေတဲ့ ကလေးတစ်ယောက် အတွက်တော့
နွေးထွေးမှုလေးတစ်ခု ပေးစွမ်းနိုင်ကောင်းပါရဲ့...
(၄) ကိုယ့်မိသားစု အတွက် ဘယ်လိုမှ ကောင်းကျိုး မပေးနိုင်ပဲ ဖြုန်းတီးပစ်လိုက်တဲ့ ဘီယာဗူးပေါင်းများစွာရဲ့ တန်ဖိုးဟာ မွတ်သိပ်နေတဲ့ ဘ၀ပေါင်းများစွာ အတွက်တော့ သန့်စင်တဲ့ ရေတစ်ကန် အဖြစ် ကျေးဇူးပြုနိုင်ကောင်းပါရဲ့...
(၅) ကိုယ့်အတွက် လူမြင်ကွင်းမှာ ကြွားဝါဖို့လောက်သာ အသုံးကျတဲ့ iPhone တစ်လုံးရဲ့ တန်ဖိုးဟာ အနာဂါတ်မဲ့ ကလေးတစ်ယောက် အတွက်တော့ ဘ၀အာမခံချက်ကို ပေးနိုင်တဲ့ ပညာရေး တစ်ခု အဖြစ်ဖြည့်ဆည်း
ပေးနိုင်ကောင်းပါရဲ့....
ကိုယ့်အတွက် မလိုအပ်တာလေးတွေကို လောကလိုအပ်ချက်လေးတွေ အဖြစ်
ပြောင်းလဲနိုင်ပါစေ...
မေတ္တာဖြင့်....
( အရှင်တေဇာနန္ဒ )
ရွှေဘုန်း (စေတနာပန်းခင်း) 3.11.2012 at ဇလွန်
ပရဟိတသမားများ တိုးပွားကြစေချင်ပါသည်
ပရဟိတအလုပ်ဟူသည် သေးသိမ် သော အလုပ်မဟုတ်ပါဟု ရှေးဦးစွာ ဆိုချင်ပါသည်။
ပရဟိတအလုပ်သည် မည်ရွေ့မည်မျှပင် သေးငယ်စေကာမူ မြင့် မြတ်စင်ကြယ်ခြင်း အပြည့်အ၀ရှိသော၊
သူတော်ကောင်းဆန်သော အသွင်ကို ဆောင်တတ်၏။ ပရဟိတအလုပ်သည် လုပ်နိုင်စွမ်းရှိလာလေလေ
လောက အတွက်၊ နောက်မိမိအတွက် အကျိုးများ လေလေပါပဲ။ သို့သော် ပရဟိတကို
အသုံးချခုတုံးလုပ်၍ ကိုယ်ချမ်းသာရေး၊ ကိုယ့်ဂုဏ်တောက်ပြောင်ရေးအတွက်သာ ကြည့်မည်ဆိုလျှင်ဖြင့်
ထိုသို့သော သူမျိုး သည် သာမန်အကုသိုလ်အလုပ်ကို လုပ် ကိုင်မိသူထက်ပို၍
အပြစ်ကြီးလေးပါလိမ့်မည်။

ထို့အပြင်လည်း အချိန်တန်၍ ကိုယ့်လုပ်ရပ်ကို လူသိသွားခဲ့မည်ဆိုလျှင် ပတ်ဝန်းကျင်၌
ခေါင်းမဖော်ဝံ့စရာ ရှက် ဖွယ်ရာအထိဖြင့် လူတောသူတော မတိုး သည့်ဘ၀ကို နေ့ချင်းညချင်း
ရောက်သွား နိုင်သေး၏။ ဤအချက်ကို ကားပရဟိတ သမားတိုင်း အထူးတလည် သတိထား
သင့်ကြောင်း တင်ပြလိုပါသည်။
အချို့ကလည်း ပရဟိတသည် မည်သို့သော အလုပ်ကို ခေါ်ပါသနည်း ဟု
မေးကောင်းမေးတတ်ကြပါလိမ့်မည်။ ကျွန်တော်ဉာဏ်မှီသမျှ ဆိုပါရစေ။ မိမိ ကိုယ်ကျိုးကို မငဲ့ဘဲ
(တစ်နည်း) မိမိ အတွက် အကျိုးမရှိစေကာမူ အများ အတွက် အကျိုးရှိနိုင်မည်ဆိုပါက လုပ်
ဆောင်တတ်သော သဘောရှိသည့် အလုပ်ကို ပရဟိတ အလုပ်ဟု ယူဆမိပါ သည်။
ပရဟိတအလုပ်ဟူသည်မှာ ယုတ် စွအဆုံး အများပြည်သူသုံးလမ်းမပေါ်မှာ အမှိုက်တစ်စတွေ့၍
အမြင်မတော်ဟု အသိစိတ်ဝင်ကာ ကောက်ယူပြီး အမှိုက် ပုံထဲသို့ ထည့်လိုက်ခြင်းသည်လည်း
အကျိုးဝင်ပါလိမ့်မည်။ မျဉ်းကြားတွင် တုံချိတုံချိဖြင့် လမ်းကူးနေသော အဘွား အိုကို မြင်၍
တစ်ဖက်သို့ရောက်အောင် ဖေးမတွဲကူကာ ပို့ဆောင်ပေးခြင်းသည် လည်း
ပရဟိတမည်ပါလိမ့်မည်။ပရိဟိတ အလုပ်သည် ကိုယ်ကျိုးအတွက်မဟုတ် အများအကျိုးအတွက်
ဖြစ်သည်ကို ထပ် လောင်း၍ ဆိုပါရစေ။
ပရဟိတအလုပ်တွေ ရွေးချယ်စရာ တပုံတခေါင်းကြီးရှိ၏။ နာရေး၊ သာရေး၊ ပညာရေး၊
ငတ်မွတ်ခေါင်းပါးမှု လျော့ နည်းကျဆင်းရေးစသည်ဖြင့် အနည်း နည်းအဖုံဖုံ ရွေးမကုန်နိုင်ဖွယ်ရာ ရှိပေ
သည်။ မိမိစိတ်သန်ရာ၊ မိမိဝါသနာပါရာ ကို ရွေးချယ်လိုက်ရုံပင်။ သို့သော် အချို့ သော သူများအတွက်မူ
ချွင်းချက်အနေ ဖြင့် လိုအပ်ချက်အရ လုပ်ရသည်လည်း ရှိပေလိမ့်မည်ထားတော့။ အဓိကမှာ မည်သို့ပင်
လုပ်ကိုင်ရစေကာမူ စေတနာ ပိုင်းဖြတ်နိုင်ဖို့သာ အရေးကြီးသည်။ပရ ဟိတသည်
လုပ်သင့်လုပ်ထိုက်သော အလုပ်ဟု ခံယူထားတတ်ဖို့လိုသည်။ အရေးကြီးဆုံးသော အချက်မှာ လူသား
အချင်းချင်း၊ သတ္တ၀ါအချင်းချင်း၊လောက သားအချင်းချင်းအပေါ်တွင် မေတ္တာထား နိုင်ဖို့ဖြစ်၏။
ကျွန်တော်တို့ မြန်မာလူမျိုးများ သည် ရှေးပဝေသဏီကတည်းကပင် ပရ ဟိတအရာ၌
စိတ်အားထက်သန်တတ် ကြသူများဖြစ်၏။ ပရဟိတအလုပ်ကို မိရိုး ဖလာဓလေ့ထုံးစံတစ်ခုကဲ့သို့
လုပ်ကိုင်ခဲ့ ကြသော လူမျိုးများဖြစ်၏။ ထိုသို့ချစ် စရာကောင်းသော ဓလေ့ရှိသည့် လူမျိုး များကို
ယနေ့ကမ္ဘာတွင် ရှာကြည့်ပါ။ မည်မျှရှိပါသနည်း။ ကျွန်တော်ထင်သည်။ ကမ္ဘာ၌ မြန်မာ့မြေထက်
နွေးထွေးတတ် သော နိုင်ငံရှိအံ့မထင်။ မြန်မာလူမျိုးတို့ ၏ သွေးထဲ၌ ပရဟိတသည် စီးဝင်လှည့်
ပတ်ပူးဝင်ချည်းကပ်လာခဲ့လောသလော ဟု ထင်မှတ်ဖွယ်ရာ ဖြစ်လောက်အောင်
သာဓကများရှိနေသည်မှာ ငြင်းခုံဖွယ်ရာ မရှိ။
ဆရာကြီးဇော်ဂျီခံစားပြခဲ့သည်။ “နွေ ဦးကျက်သရေ” ရသစာတန်းထဲမှ မြန်မာ့ ဓလေ့တစ်ခုဖြစ်သော
ရေချမ်းစင်အလှူ အလှကို ကြည့်ပါ။ နွေဦးကျက်သရေ စာတန်းထဲတွင် ဆရာကြီးက -““ထိုရေချမ်းစင်၌
လူတို့၏ စိတ်သစ် စိတ်နု စေတနာသစ်၊ စေတနာနုတို့လည်း ပေါက်နေကြလေပြီဟု တွေးမိခြင်းဖြစ်
သည်””ဟူ၍လည်းကောင်း၊““ထိုအမူအရာမျိုးသည် နွေဦးကျက် သရေတစ်ခုဖြစ်လေသည်။
ထိုအမူအရာ မျိုးကို မြန်မာနိုင်ငံသားတို့၏ ရေချမ်းစင် ယဉ်ကျေးမှုဟုခေါ်ထိုက်လေသည်။
တဖန်လူထုအတွက် လူထုကပြုနိုင်သော အမူအရာမျိုးဖြစ်သဖြင့် လူထုယဉ်ကျေးမှု
ဟူ၍လည်းဆိုနိုင်လေသည်””ဟူ၍လည်းကောင်း ဆရာကြီးသည် မြန်မာ့ဓလေ့ တစ်ခုဖြစ်သည့်
ရေချမ်းစင် အလှူဒါနကိုသူမြင်တွေ့ရသည့်အတိုင်း သူခံစားရ သည့်အတိုင်း အများမြင်သာထင်သာရှိ
လာစေရန်ခံစားတန်ဖိုးထားတတ်လာစေ ရန် ဖောကျူးရေးသားနိုင်စွမ်းခဲ့ပါသည်။
မြန်မာ့ဓလေ့ဖြစ်သည့် ရေချမ်းစင် အလှူလေးသည် သူ့နဂိုရ်အတိုင်းအတိုင်း လေးကပင်
ကြည်နူးပီတိဖြစ်စရာ၊ သာဓု ခေါ်ချင်စရာ ကောင်းလှပြီဖြစ်၏။ ထိုမှ ထပ်၍ ဆရာကြီးဇော်ဂျီ၏ သရုပ်ဖော်
ထုတ်နိုင်စွမ်း ထက်မြက်မှုတို့နှစ်ပေါင်း စပ်မိလိုက်သောအခါတွင် ဖတ်ချင်စဖွယ် ဖြစ်ရုံသာမက
ဖတ်ပြီးလျှင်လည်း မြန်မာ့ ဓလေ့အလှကို ရင်ထဲ၌ ထာဝရစွဲလန်း ခြင်း ဖြစ်ခဲ့ရပါ၏။
ကျွန်တော်တို့ လူမျိုးများအတွက် စာနာတတ်ခြင်း၊ ညှာတာတတ်ခြင်း၊ ဂရုဏာပွားတတ်ခြင်း၊
မေတ္တာထားတတ် ခြင်းအရာ၌ သင်ပြနေစရာမလို လမ်း ညွှန်ပေးနေဖို့ မလိုလောက်အောင်ပင်
ကြွယ်ဝလှ၏။ ဤအရာတို့သည် ကျွန် တော်တို့၏ ထုံးစံ၊ ဓလေ့တစ်ခုပမာဖြစ်၍ နေချေပြီ။
သို့သော်လည်း ကျွန်တော်တို့ လမ်းမှားတတ်ကြသည်။ လမ်းလွဲတတ် ကြသည်။ ဤအရာကိုကား
ဂရုစိုက်ဖို့ လိုလေပြီ။ တချို့အမှားသည် ဘ၀ကို မထိခိုက်သော်လည်း တချို့အမှားသည် ဘ၀ကို
ထိခိုက်တတ်၏။ တချို့အမှား သည် လူမျိုးကို မထိခိုက်သော်လည်း တချို့အမှားသည် လူမျိုးကိုပါ
ထိခိုက် တတ်၏။ စာနာ၊ ညှာတာတတ်သော် လည်း အားမနာသင့်သည့်အခါ၌ အား မနာတတ်ဖို့လို၏။
မေတ္တာ၊ ဂရုဏာ ထား တတ်သော်လည်း အလှူဒါနပြုသည့် အခါ၌ ဉာဏ်ယှဉ်တတ်ဖို့လို၏။
ကျွန်တော်တို့သည် ရေများရာကို မိုးရွာချခဲ့ကြဖူးပြီ။ အားများရာကို အားကူ ခဲ့ကြဖူးပြီ။ ကြည့်ပါအဆွေ။
အားနည်းနေ သော ကျုံလှီနေသော သမိုင်းဝင်နေရာ တွေ၊ ချို့တဲ့နေသော အရပ်တွေ၊ခေါင်းပါး နေသော
ဒေသတွေ၊ ပြောင်သလင်းခါ နေသော မြေလွတ်မြေရိုင်းတွေ၊ ထိုအရာ တွေက ကျွန်တော်တို့ကို
ငံ့လင့်နေကြပြီ။ သူတို့ကို တစ်ဖန်ပြန်လည် ဂရုစိုက်သင့် ကြပြီ။ သူတို့သည် ကျွန်တော်တို့ ဂုဏ်ယူ
ဝံ့ကြွားတတ်ကြသော နေရာဌာနများ တွင် မပါဝင်ခဲ့ကြ၊ လစ်ဟာ၍ ကျန်ခဲ့ရ သည်။ ကျွန်တော်တို့
အိပ်မက်တွေထဲ၌ အရာမ၀င်ဖြစ်ခဲ့ကြရသည်။ သူတို့ကို တစ်လှည့်ပြုစုယုယကြပါစို့။
ကျွန်တော်တို့လူမျိုး၊ ကျွန်တော်တို့ ဓလေ့တွင်ချစ်စရာကောင်းသော အချက် တစ်ခုကျန်ရှိနေသေး၏။
ထိုကားအခြား မဟုတ်။ အားနည်းသူကို ဖေးကူတတ် သော အလေ့အကျင့်ပင်ဖြစ်၏။ ဤ
အလေ့အကျင့်သည် ကျွန်တော်တို့ ရင်ထဲ ၌ ပုန်းခိုနေဘိသည်လော။ ငုတ်လျှိုး ကွယ်ပျောက်လုပြီလော။
ထိုသို့ကားမဖြစ် တန်ရာ။ ကျွန်တော်တို့ဖော်လျှင် သူသည် ပေါ်လာရမည်။ ကျွန်တော်နှိုးလျှင် သူနိုး
လာရမည်။ ထလော့ မြန်မာ … အို မြန်မာတို့၊ ပရဟိတသည် ဒို့အတွက် အဆန်းမဟုတ်။ ပရဟိတသည်
ဒို့ဓလေ့ ဖြစ်၏။ ပရဟိတသည် ဒို့လူမျိုး၏ အမူ အကျင့်ဖြစ်၏။ ပရဟိတသည် ဒို့တိုင်း ပြည်၏
ယဉ်ကျေးမှုဖြစ်၏။ ဒို့ဓလေ့ကို ဒို့ချစ်ရမည်။ ဒို့အမူအကျင့်ကို ဒို့မြတ်နိုးရ မည်။ ဒို့ယဉ်ကျေးမှုကို
ဒို့တန်ဖိုးထားရ မည်။ ဒို့မချစ်လျှင်၊ ဒို့မမြတ်နိုးလျှင်၊ ဒို့ တန်ဖိုးမထားလျှင် အဘယ်သူသည်
ချစ်ခင်မြတ်နိုးတန်ဖိုးထားပါတော့အံ့နည်း။
သင် “ဥယျာဉ်မှူးလား” “၀ယ်သူလား”
မြန်မာပြည်ဟာ စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံဖြစ်တဲ့အတွက်ကြောင့် နေရာအနှံ့အပြားမှာ ဥယျာဉ် ကိုင်းကျွန်းလယ်ယာများ စိုက်ခင်းပျိုးခင်းများကို တွေ့မြင်နိုင်ကြပါတယ်၊ ဆယ့်နှစ်ရာသီလုံး နေရာအနှံ့အပြားမှာ စိုက်ပျိုးထွန်ယက်ပြီး သီးနှံများဝေဆာစွာ လှပနေတဲ့အတွက်ကြောင့် အမိမြန်မာနိုင်ငံကို ထာဝရစိမ်းလန်းလှပနေတဲ့ နိုင်ငံတော်လို့ ကျွန်ုပ်တင်စားပြောလိုပါသည်။
စိမ်းလန်းခြင်းနှစ်မျိုးရှိပါတယ်။ ပြင်ပ(ဗဟိဒ္ဓ) စိမ်းလန်းခြင်းနှင့် အတွင်း (အဇ္ဈတ္တ) စိမ်းလန်းခြင်းတို့ဖြစ်ကြပါသည်။ မည်သည့်စိမ်းလန်းခြင်းမဆိုး လူတစ်ယောက်ရဲ့စိတ်ကို ပျော်ရွှင်ကြည်နူးစေပါတယ်၊အေးမြစေပါတယ်၊တစ်ခါတစ်ရံ အကျွန်ုပ်တို့ပင်ပန်း နွမ်းနယ်တဲ့အခါမှာ စိမ်းလန်းစိုပြေနေတဲ့နေတဲ့ လယ်ယာကိုင်းကျွန်း တောတောင်များကို ကြည့်လိုက်တဲ့အခါမှာ ပင်ပန်းမှုတွေပျောက်ကုန်ပြီးတော့ ပြန်လည်လန်းဆန်းလာမှုကို ခံစားကြရပါတယ်။ ဒါပြင်ပစိမ်းလန်းခြင်းရဲ့ အရှိန်ရိုက်ခတ်မှုကြောင့် ဖြစ်ပါတယ်။
အတွင်းစိမ်းလန်းမှု ဆိုတာကတော့ ကျွန်ုပ်တို့ကို ပူလောင်စေတဲ့ ညှိုးခြောက်စေတဲ့ ပိုပြီးမောဟိုက်စေတဲ့ လောဘ ၊ ဒေါသ၊ မောဟ အစရှိတဲ့ ကိလေသာအညစ်အကြေးတွေ အတွင်းအဇ္ဈတ္တမှာ လျော့နည်းနေခြင်း၊ လုံးဝမရှိခြင်း၊ ထိန်းချုပ်ထားခြင်း ကိုဆိုလိုပါတယ်။
လူတစ်ယောက်ဟာ မည်မျှပင် စီးပွားဥစ္စာတွေနဲ့ပြည့်စုံပါစေ၊ သူ့ရဲ့အဇ္ဈတ္တမှာ လောဘ၊ ဒေါသ၊ မောဟ အစရှိတဲ့ အပူမီးတွေများနေမယ်ဆိုရင် ချမ်းသာကြွယ်ဝ မှုက သူ့ကိုတကယ်ပျော်ရွှင် ချမ်းမြေ့အောင်လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။
ဒီလိုအတွင်း စိမ်းလန်းမှု သို့မဟုတ် ငြိမ်းချမ်းမှုတွေရအောင် ကျွန်ုပ်တို့ဘာလုပ်သင့်သလဲ ? ဗုဒ္ဓတရားတွေကို လေ့လာလိုက်စားပြီး လက်တွေ့ကျင့်သုံးပါတယ်။ သင် တကယ်ဗုဒ္ဓတရားတွေကို လိုက်နာကျင့်သုံးမယ်ဆိုရင် အပြင်မှာ အခြေအနေအမျိုးမျိုးကြောင့် မည်သို့ပင်ရှိနေပါစေ ၊ သင့်ရင်ထဲမှာတော့ စိမ်းလန်းစိုပြေနေမှာပါ။
ဘာဖြစ်လို့လည်းဆိုတော့ ဗုဒ္ဓဘာသာဟာ ပူလောင်မှုကို ကိုယ်စာမပြုပါ၊ အေးချမ်းမှုကို ကိုယ်စားပြုပါတယ်၊ နောက်ဆုံးဗုဒ္ဓဘာသာ ပန်းတိုင်ဟာလည်း ၀မ်းနည်းရခြင်း ၊ ပူဆွေးရခြင်း၊ ငိုကြွေးရခြင်း အစရှိတဲ့ ဆင်းရဲအပေါင်းရဲ့ (ပူလောင်ခြောက်သွေ့ခြင်းအပေါင်းရဲ့) ချုပ်ငြိမ်းသွားခြင်း သဘောပါပဲ၊ အပြည့်အ၀ ချုပ်ငြိမ်းမသွားခင်မှာလည်းပဲ တစ်ယောက်နဲ့ တစ်ယောက်နားလည်ခြင်းတွေ ကိုယ်ကျိုးမဆန်ခြင်း မိမိ မိသားစု၊ တာဝန်ကျေပွန်ရေး အစရှိတဲ့ လောကကြီးရဲ့ သာယာလှပရေးကို ဦးတည်တဲ့ အဆုံးအမတွေကို ဗုဒ္ဓဘာသာဝင်တွေကို သင်ကြားပေးပါတယ်။
ဤကဲ့သို့ တန်ဘိုးရှိလှတဲ့ အနှစ်သာရတွေ ပြည့်နေတဲ့ ငြိမ်းချမ်းမှုတွေ အပြည့်အ၀ပေးနိုင်တဲ့ ဗုဒ္ဓသာသနာတော်ကြီးဟာ ယခုအကျွန်ုပ်တို့တွေရဲ့လက်ထဲရောက်နေပါပြီ။ အကျွန်ုပ်တို့မြန်မာပြည်သူတွေဟာ ဗုဒ္ဓသာသနာဥယျာဉ်ကြီးထဲက ဓမ္မအသီးများကို သုံးဆောင်နေနိုင်ကြတာဟာ တကယ်စဉ်းစားကြည့်မယ်ဆိုရင် ဟို ရှေး ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့ရဲ့ လက်ဆင့်ကမ်း ဗုဒ္ဓဘာသာကို သယ်ဆောင်လာခဲ့ကြလို့ဖြစ်ပါတယ်။
အတိတ်လူသားတွေ လုပ်တဲ့လုပ်ရပ်ရဲ့ ကောင်းကျိုး ဆိုးကျိုးကို ကျွန်ုပ်တို့ ပစ္စုပ္ပန်လူသားတွေ ခံစားကြရပါတယ်၊ ပစ္စုပ္ပန်လူသားတွေလုပ်တဲ့ လုပ်ရပ်ရဲ့ ကောင်းကျိုး ဆိုးကျိုးကိုလည်းပဲ မလွဲမသွေ အနာဂတ် မျိုးဆက်သစ်တွေ တွေ့ကြုံခံစားကြရမှာဖြစ်ပါတယ်။
ယခုအကျွန်ုပ်တို့ဟာ ဗုဒ္ဓဘာသာလို့ခေါ်တဲ့ ဥယျာဉ်ကြီးထဲမှာ အရိပ်နားခိုခွင့်တွေ၊ ရင်ကိုအေးမြစေတဲ့ ဘ၀ အမောတွေ၊ အပူတွေကိုလွင့်ပယ်စေတဲ့ ဓမ္မအသီးများကို သုံးဆောင်ခံစားခွင့်တွေ ရနေကြပါလိမ့်မယ်။
ဒါဟာ ဘာကြောင့်လဲဆိုတော့ ရှေးဘိုး၊ ဘေး၊ ဘီ၊ ဘင် တို့က လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့လို့ ကျွန်ုပ်တို့ ပစ္စုပ္ပန်လူသားတွေ အဆင်ပြေနေကြတာပါ။ ဒါဆိုရင် နောက်အနာဂတ် ကျွန်ုပ်တို့မျိုးဆက်သစ်တွေ အတွက်ရော ကျွန်ုပ်တို့ ဒီတန်ဖိုးရှိပြီး ရှားပါးလှတဲ့ သာသနာ့ဥယျာဉ်ကြီးကို အမြဲထာဝရ စိမ်းလန်းပြီး နှစ်တွေရှည်သထက်ရှည်အောင် မလုပ်သင့်ဘူးလား။
ဘာလုပ်သင့်သလဲ ? ဘာတွေလုပ်ဖို့ လိုသလဲဆိုပြီးတော့ သင်ကမေးပါလိမ့်မယ်၊ တကယ်တော့ သင်ဟာ ဗုဒ္ဓဘာသာတစ်ယောက်ဖြစ်တယ်ဆိုရင် ဒီသာသနာဥယျာဉ်ကြီး အမြဲထာဝရ စိမ်းလန်းစိုပြေရေး၊ ရေရှည်တည်တံ့ရေးအတွက် တစ်ထောင့်တစ်နေရာကနေ စွမ်းအားရှိသလောက် လုပ်ဆောင်နေတာပါလို့ ဖြေပါရစေ။ ဒါပေမယ့် စိတ်လေးနဲနဲ ထားတတ်ဖို့ သို့မဟုတ် ပြုပြင်ပြောင်းလဲဖို့တော့ လိုပါလိမ့်မယ်။
သင်ဟာ တကယ်လို့ မိရိုးဖလာဗုဒ္ဓဘာသာ အဆင့်မဟုတ်တော့ပဲနဲ့ တရား ဓမ္မတွေကို လက်တွေ့ကျကျ လေ့လာလိုက်စားပြီးပြီ ဆိုရင်တော့ ဥယျာဉ်မှူးသာ လုပ်ပါတော့ ၀ယ်သူမလုပ်ပါနဲ့လို့ တောင်းဆိုပါရစေ။ ဥယျာဉ်မှူးနဲ့ဝယ်သူ သိပ်ကွာခြားပါတယ်။
ပန်း သို့မဟုတ် သစ်သီးတွေကို ဥယျာဉ်မှူးထံမှ လာဝယ်တဲ့သူဆိုပါတော့ သူ့မှာ ဈေးဆစ်ပိုင်ခွင့်ရှိပါတယ်။ ဒီဆိုင်မကြိုက်ရင် နောက်တစ်ဆိုင် ပြောင်းခွင့်ရှိပါတယ်။ ဥယျာဉ်မှူးကတော့ ဒီလိုမဟုတ်ရပါဘူး။ မိမိရှင်သန်အောင် စိုက်ပျိုးနေတဲ့ အပင်လေးတွေ ရှင်သန်ကြီးထွားဖို့ပဲ ရည်စူးပါတယ်။ သူစိုက်ပျိုးနေတဲ့ အပင်ငယ်လေးတွေဟာ အားကောင်းမောင်းသန်နဲ့ ကြီးထွားလာကြပြီး အလားအလာကောင်းနေတာလေးတွေကိုတွေ့ရင် သူ့စိတ်ထဲမှာ ပျော်နေမှာ အမှန်ပါပဲ။
အချို့အပင်လေးတွေကြတော့လည်း ဖွံ့ဖြိုးမှုနှေးကွေးပြီး အရွက်အခက်တွေကောင်းကောင်း မထွက်နိုင်ဘူးဆိုရင်တော့ ဥယျာဉ်မှူးက ဥပေက္ခာမပြုပဲနဲ့ ရေပိုလောင်းပြီး လိုအပ်တာလေးတွေ ပိုဖြည့်ဆည်းပေးမှာပါ။
သင်အနေနဲ့ ဥယျာဉ်မှူးလုပ်ဖို့ စိတ်ဝင်စားနေပြီဆိုရင်တော့ ကျွန်ုပ်အကြံပြုပါရစေ ၊ စာသင်သား၊ ကိုရင်၊ ဦးဇင်းလေးတွေကို တက်နိုင်သလောက် လှူဒါန်းထောက်ပံ့ပါ၊ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုတဲ့ စကားလိုပဲ ဒီကိုရင် ဦးဇင်းလေးတွေဟာ ယခုလက်ရှိ သာသနာ့တာဝန်တွေကို ထမ်းဆောင်နေကြတဲ့ သင်တို့ကြည်ညှိုလေးစား ဆည်းကပ်နေကြတဲ့ ကမ္မဋ္ဌာနာစရိယ ဆရာတော်ကြီးတွေ ၊ စာချဆရာတော်ကြီးတွေ ၊ ဓမ္မကထိကဆရာတော်ကြီးတွေ ၊ ကျောင်းထိုင်ဆရာတော်ကြီးတွေရဲ့ နေရာမှာ အစားထိုး ၀င်ရောက်လာမယ့် မျိုးဆက်သစ်တွေဖြစ်ပါတယ်။
ဆရာတော်ကြီးတစ်ပါးနဲ့ ကိုရင် ဦးဇင်းလေးတစ်ပါးနဲ့ အကျင့်သိက္ခာပိုင်းကို သင်စဉ်းစားမယ်ဆိုရင်တော့ စာသင်သားကို လှူရမှာဝန်လေးချင်လေးနေပါလိမ့်မယ်၊ ဒါပေမယ့် သင်ဟာ ဗုဒ္ဓသာသနာတော်ကြီးရဲ့ ဥယျာဉ်မှူးဆိုတဲ့နာမည်ကို ကျေနပ်စွာ ခံယူထားတယ်ဆိုရင်တော့ ထောက်ပံ့ဖို့ဝန်လေးမှာမဟုတ်တော့ပါဘူး။
ဘာဖြစ်လို့လည်းဆိုတော့ အရွယ်ရောက်ဖွံ့ဖြိုးစည်ပင်ပြီး၊ အရိပ်အာဝါသတွေ အသီးအခက်တွေနဲ့ စည်ပင်နေတဲ့ သစ်ပင်ကြီးတစ်ပင်နဲ့ ခုမှဆက်လက်ရှင်သန်ဖို့အားယူခါစ ချွတ်ယွင်းချက်တွေ အနာအဆာတွေနဲ့ ပြည့်နေတဲ့ အညတြသစ်ပင်လေးတစ်ပင်ရဲ့ ကွာခြားချက်ကို သင်နားလည်မှုရှိထားလို့ပါ။
တပည့်တော်တို့အိမ်မှာ ထိုင်ဆွမ်းခံကြွနေတဲ့ စာသင်သားတွေ (၅)ပါးလောက်ရှိပါတယ်။ နေ့တိုင်းလည်း ဆွမ်းလောင်းပါတယ်လို့ ပြောပါလိမ့်မယ်။ ဒါဆိုရင် ကျွန်ုပ် သင့်ကို ဥယျာဉ်မှူးတစ်ယောက်လို့ နာမည်ပေးလိုက်ပါရစေတော့။
ထပ်မံအကြံပြုလိုတာကတော့ အဲ့ဒီစာသင်သားလေးတွေကို စာအုပ်စာတန်းနဲ့ ၀တ္ထုကြေးငွေနဲ့ သင်တတ်နိုင်သလောက်ထောက်ပံ့ပါလို့ အကြံပြုပါရစေ။ ခေတ်ကာလရဲ့ ပြောင်းလဲလာတဲ့ အခြေအနေအရ စာသင်သားတစ်ပါးဟာ ၀တ္ထုကြေးငွေထောက်ပံ့မည့်သူမရှိဘဲနဲ့ စာပေတတ်ကျွမ်းတဲ့ ဆရာတော်တစ်ပါး ဖြစ်လာဖို့တကယ်မလွယ်ပါဘူး။
မည်သည့်ပညာရေးမဆို ၀တ္ထုငွေ အထိုက်အလျောက်မပါဘဲနဲ့တော့ ကျကျနန ပီပီပြင်ပြင် တတ်ကျွမ်းဖို့ အတော်လေးခက်ခဲပါလိမ့်မယ်။ စာသင်သားတွေရဲ့ အနေအထိုင်တွေ အကျင့်သိက္ခာတွေဟာ အားနည်းမှုရှိပါတယ်ဘုရား၊ ဆရာတော်ကြီးတွေ လှူရသလောက်အားမရဘူး လို့ သင်ကပြောချင်ဟြေပါလိမ့်မယ်။ ဟုတ်ပါတယ်။ ဒါပေမယ့် အရွယ်ရောက်သွားပြီး ပြည့်စုံနေတဲ့ သစ်ပင်ကြီးတစ်ပင်နဲ့ ခုမှရှင်သန်ဖို့ အားယူခါစ သစ်ပင်လေးတစ်ပင်ကို ဘယ်လိုမှ မနှိုင်းယှဉ်ထိုက်ဘူးလို့ ကျွန်ုပ်ပြောပါရစေ ၊ သင်ကိုယ်တိုင်လည်း ဥယျာဉ်မှူးဆိုတဲ့ဘ၀ကို ကျေနပ်စွာခံယူထားပြီဆိုရင်တော့ ဒီသစ်ပင်ငယ်လေးတွေကို ဘယ်လိုရှင်သန်အောင် ငါပြုစုပျိုးထောင်ပေးရမလဲ ဒါပဲစဉ်းစားနေမှာပါ။
ခုလက်ရှိကျွန်ုပ်တို့ကို အရိပ်အာဝါသပေးနေတဲ့ သစ်ပင်ကြီးတွေဟာ တစ်ချိန်က အညတြ မဖွံ့ဖြိုးမစည်ပင်သေးတဲ့ သစ်ပင်လေးတွေဆိုတာ သင်လက်ခံမှာပါ။ ရှေးရှေးက ကျွန်ုပ်တို့ရဲ့ ဘိုး၊ ဘေး၊ ဘီ၊ ဘင် တွေဟာဥယျာဉ်မှူးနေရာမှာ နေပြီးတော့ စိုက်ပျိုးပြုစု ပျိုးထောင်ခဲ့လို့ ခုကျွန်ုပ်တို့ သုံးဆောင်ခံစားနိုင်ကြတာပါ။
ပစ္စုပ္ပန်လူသား ဖြစ်နေတဲ့ ကျွန်ုပ်တို့တွေဟာ သာသနာ့ဥယျာဉ်ကြီးထဲက သစ်ပင်ကြီးတွေရဲ့အောက်မှာ အရိပ်ခို၍ ဓမ္မအသီးများကို သုံးဆောင်ယုံသာ သုံးဆောင်ပြီး ဒီသစ်ပင်ကြီးတွေရဲ့ နေရာမှာ အစားထိုးဝင်ရောက်လာမယ့် အရွယ်မရောက်သေးတဲ့ သစ်ပင်ငယ်တွေကို ရေမလောင်းဘူး၊ မပြုစုမပျိုးထောင်ဘူး၊ ဥပေက္ခာပြုထားမယ်ဆိုရင်တော့ နောင်တစ်ချိန် ကျွန်ုပ်တို့ရဲ့ မျိုးဆက်သစ်တွေဟာ ကျွန်ုပ်တို့လို ဓမ္မအပွင့်၊ အသီးအခက်တွေကို သုံးဆောင်ခံစားခွင့် ရမှာမဟုတ်တော့ပါဘူး။
ဒါကြောင့် ကျွန်ုပ်သင့်ကို မေးပါရစေ၊ သင်“ဥယျာဉ်မှူးလား၊၀ယ်သူလား” သင်ကြိုက်တဲ့ အခန်းကဏ္ဍမှာ ပါဝင်လို့ရပါတယ်။
ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီး ဆက်လက်ပြီး နှစ်ပေါင်းများစွာ တည့်တံ့ပါစေ။
ကောင်းဆုဝေ နည်းပြ{အပြည်ပြည်ဆိုင်ရာဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်}
ဥယျာဉ်မှူးကောင်းများဖြစ်ကြပါစေ..............

တကယ်ချစ်ရဲ့လား (ပရဟိတဆောင်းပါး)
လောကတွင် လူသားများအသုံးပြုများသော စကားလုံးတစ်ခု ရှိပါသည်။ ထိုစကားလုံးမှာ တကယ်ချစ်ရဲ့လားဆိုသည့်စကားပင် ဖြစ်ပါသည်။ ဒီစကားလုံးကို အများသူငှာပြောနေကြသော်လည်း မိမိကိုယ်ကို မေးရမှာလား သူတစ်ပါးကိုမေးရမဲ့စကားလားဆိုတာ နားလည်သူက နည်းပါးမည် ထင်ပါသည်။ ထို့ကြောင့်လည်း တကယ်ချစ်ရဲ့လားဟု သူတစ်ပါးကိုပဲ မေးနေကြခြင်း ဖြစ်သည်။
တကယ်တော့ ဒီစကားဟာ မိမိကိုယ်ကို မေးရမဲ့စကားပါ။ ဘာဖြစ်လို့လဲဆိုတော့ မိမိကိုယ့်ကိုမှ တကယ်မချစ်သောသူသည် သူတစ်ပါးကို တကယ်ချစ်တယ်ဆိုတာ မဖြစ်နိုင်လို့ပါ။ မိမိကိုယ့်ကို တကယ်ချစ်သောသူသည် သူတစ်ပါးကိုချစ်၍ သူတစ်ပါးဒုက္ခရောက်အောင် မလုပ်ဘဲ သူတစ်ပါးအကျိုးရှိမည့် အများအကျိုးကိုသာ ပြုလုပ်ပေးကြသည်။ မိမိကိုယ်ကို တကယ်ချစ်၍ ကောင်းတာများလုပ်မှသာလျှင် မိမိလည်း ကောင်းစားမှာဖြစ်ပြီး မိမိချစ်သော သူတစ်ပါးသည်လည်း ကောင်းစားမည်ဖြစ်ပါသည်။ မိမိကိုယ့်ကို မချစ်၍ မကောင်းတာများလုပ်မည်ဆိုလျှင် မိမိမကောင်းကျိုးများ ခံစားရမည်ဖြစ်သောကြောင့် သူတစ်ပါးလည်း ကောင်းကျိုးချမ်းသာများ ခံစားရမည်မဟုတ်ပေ။
သူတစ်ပါးအသက်ကိုသတ်လျှင် သူတစ်ပါးလည်း စိတ်ဒုက္ခရောက်သလို မိမိလည်း နောက်တစ်ချိန်တွင် ထိုကဲ့သို့သော စိတ်ဒုက္ခများစွာခံစားရမည့်အပြင် ယခုမျက်မှောက်ဘ၀တွင်လည်း ကံနိမ့်နေပါက မကောင်းကျိုးများ ဆက်တိုက်ပေးခြင်း ခံရမည်ဖြစ်ပါသည်။ မိမိကိုယ့်ကို တကယ်ချစ်တဲ့လူဆိုရင် မိမိယခုဘ၀ နောက်ဘ၀ကောင်းစားဖို့ကိုကြည့်ရမည့်အပြင် မိမိအမြဲချမ်းသာမှုများခံစားရမည့် မိမိတို့ပန်းတိုင်ကိုပါ လျင်မြန်စွာရောက်အောင် ကြိုးစားပြုလုပ်ရပါမည်။ သို့မှလည်း မိမိကိုယ်ကို တကယ်ချစ်ရာရောက်၍ မိမိကိုယ်ကိုချစ်သောသူဟုလည်း ခေါ်ဆိုနိုင်ပါမည်။ ထိုသို့မဟုတ်လျှင်တော့ မိမိကိုယ်ကို တကယ်ချစ်သောသူဟု မဆိုနိုင်ပေ။
သူတစ်ပါးပစ္စည်းကို ခိုးယူသူသည် ပစ္စည်းခိုးရန် အကြံထုတ်ခြင်း၊ စွန့်စားရခြင်းတို့ကြောင့် သူ့စိတ်မှာ မကောင်းတာချည်းဖြစ်နေတဲ့အတွက် ရုပ်ရေမှာလည်း ကြမ်းတမ်းနေသဖြင့် သူခိုးများ၏ မျက်နှာမှာ လူချောလူခန့်ဟု မရှိဘဲ ရုပ်ဆိုးများသာ ဖြစ်နေကြပေသည်။ နောင်ဘ၀တွင်လည်း မိမိ၌ ထိုကဲ့သို့သော ဆင်းရဲမှုများနဲ့သာ ရင်ဆိုင်ရမည့်အပြင် ဖြစ်လေရာမှာ ချမ်းသာသောသူ မဖြစ်သဖြင့် မိမိကိုယ့်ကို ဒုက္ခပေးသူဖြစ်၍ မိမိကိုယ့်ကို ချစ်သောသူမဖြစ်နိုင်ပါ။ ထိုသို့မိမိကိုယ့်ကိုမချစ်သဖြင့် မချမ်းသာသောသူသည် သူတစ်ပါးကိုလည်း ချမ်းသာအောင်ပြုလုပ်ပေးနိုင်မည်မဟုတ်သောကြောင့် သူတစ်ပါးကိုလည်း တကယ်ချစ်သောသူဟု မသတ်မှတ်နိုင်ပေ။
သူတစ်ပါးသားမယားကို ပြစ်မှားသူသည် သံသရာဘက်ကကြည့်လျှင် နောင်ဘ၀မှာ မိမိအား စိတ်ဒုက္ခများစွာဖြစ်မဲ့ မကောင်းကျိုးများ ခံစားရမည်ဖြစ်ပါသည်။ ထို့အတူ ယခုမျက်မှောက်ဘ၀အတွက် ကြည့်လျှင်လည်း ရောဂါရခြင်း၊ အားနည်းခြင်း၊ ကျန်းမာရေးချို့တဲ့ခြင်းများ ခံစားရပါသည်။ အမှန်ကိုအမှန်အတိုင်းမသိသောသူများသည် တကယ်ချမ်းသားမှုမဟုတ်တဲ့ စိတ်ရဲ့လှည့်စားမှုလေးကိုပဲ မိမိအတွက်ချမ်းသာတယ် ကောင်းတယ်ထင်ကာ မကောင်းမှုများမှာ ပျော်မွေ့ပြီး မိမိကိုယ့်ကို ဒုက္ခရောက်အောင် ပြုလုပ်နေကြခြင်း ဖြစ်ပါသည်။
သူတစ်ပါးပျက်စီးအောင်၊ စိတ်ဒုက္ခရောက်အောင် လိမ်ညာပြောဆိုလှည့်ပတ်သူသည် ယခုမျက်မှောက်တွင် သူတစ်ပါးဆင်းရဲရသလို မိမိခံစားရမည့်အပြင် နောင်တမလွန်မှာလည်း မကောင်းမှုများဖြင့် ပြည့်နပ်နေပြီး မကောင်းကျိုးများဖြင့်သာ ကျင်လည်နေရမည်ဖြစ်သောကြောင့် ထိုသူသည် မိမိကိုယ့်ကို တကယ်ချစ်သောသူ မဖြစ်နိုင်ပါ။
အရက်သေစာသောက်စား မူးယစ်နေသောသူသည် မျက်မှောက်ဘ၀တွင် မကောင်းမှုများလုပ်ရန် ၀န်မလေးခြင်း၊ မိမိမိသားစု စိတ်မချမ်းသာခြင်း၊ မိမိ၏စိတ်သည် ပုံမှန်မဟုတ်သဖြင့် ကောင်းမှုမလုပ်နိုင်ခြင်း၊ စီးပွားရေးများ မကြံဆနိုင် မပြုလုပ်နိုင်သဖြင့် စီးပွားနှောင့်နှေးခြင်း၊ မိမိကိုယ့်ကိုမိမိ ကျန်းမာရေးချို့တဲ့အောင်ပြုလုပ်နေခြင်းတို့အပြင် နောက်ဘ၀တွင်လည်း အရူးဖြစ်ခြင်း၊ ဉာဏ်ထိုင်းမှိုင်းသူဖြစ်ခြင်းစသော မကောင်းကျိုးများကိုသာ ခံစားရမည်ဖြစ်သောကြောင့် မိမိကိုယ်ကို တကယ်ချစ်သောသူ မဖြစ်နိုင်ပေ။
ထို့အတူ ဒေါသကြီးသောပုဂ္ဂိုလ်များသည် ယခုဘ၀၌ မိမိအတွက် ရုပ်ရေကြမ်းတမ်းခြင်း၊ ကျန်းမာရေးချို့တဲ့ခြင်းဖြစ်ပြီး နောင်ဘ၀တွင်လည်း ရုပ်ရေမလှသောသူ ဖြစ်ရပါသည်။ တကယ်လို့သာ မိမိကိုယ်ကိုချစ်တာမှန်ရင် ဒီလိုမျိုး မျက်မှောက်တမလွန်အကျိုးမရှိမဲ့ မကောင်းမှုမှန်သမျှကို ရှောင်ကြဉ်ကာ မိမိဒုက္ခတွေငြိမ်းပြီး ချမ်းသာမှုသာရှိတဲ့ နိဗ္ဗာန်ကိုရောက်အောင် ကြိုးစားပြုလုပ်ရပေမည်။ ထို့ကြောင့် မိမိကိုယ့်ကို နေ့စဉ်နဲ့အမျှ တကယ်ချစ်ရဲ့လားလို့ မေးမေးပေးသင့်ပါသည်။
လူသားအများစု ဘာသာမရွေး၊ လူမျိုးမရွေး ပြုလုပ်နေကြသည့် ပရဟိတလုပ်ငန်းဆိုတာ ရှိပါသည်။ ထို့လုပ်ငန်းသည် တကယ်တွေးကြည့်လျှင် မိမိကိုယ်ကိုချစ်၍ သူတစ်ပါးကိုချစ်နေကြသော ပုဂ္ဂိုလ်များ၏အလုပ်ပင် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် သူတစ်ပါးကိုကူညီပေးလိုက်လျှင် မိမိအကျိုးကိစ္စပါ တစ်ခါတည်းပြီးလျက်ဖြစ်နေသောကြောင့် သူတစ်ပါးစိတ်ချမ်းသာ ပျော်ရွှင်ရသလို မိမိလည်းယခုဘ၀မှာ စိတ်ချမ်းသာမှုပီတိများခံစားရပြီး နောင်ဘ၀များစွာတွင်လည်း ကောင်းကျိုးများခံစားလျက် မိမိတို့ပန်းတိုင်ကို လျင်မြန်စွာ ရောက်ရှိပါသည်။
သူတစ်ပါးအကျိုးကိုလုပ်သော ပရဟိတအလုပ်သည် အယုတ် အလတ် အမြတ်မရွေး လူမျိုးမရွေး၊ ဘာသာမရွေး၊ ပုဂ္ဂိုလ်မရွေး၊ ဘယ်သူဘယ်ဝါ မရွေး၊ အားလုံးရဲ့အကျိုးအတွက် လုပ်ပေးခြင်း ဖြစ်သည်။ မိမိကူညီပေးလိုက်သော သူတို့ထံမှ မည်သည့်မျှော်လင့်ချက်မျှ မထားဘဲ ပေးဖို့သက်သက်ပဲ ဖြစ်ပါသည်။ မိမိကူညီပြုလုပ်ပေးလိုက်ရ၍ သူတစ်ပါးချမ်းသာသွားသည်ကိုမြင်ရရင် ပရဟိတသမားများသည် ကျေနပ်နေကြသည်။
လောက၌ ကံဉာဏ်နည်းပါးသဖြင့် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး မလုံလောက်ရှာကြ၍ မပြည့်စုံသူများအား ကူညီလုပ်ပေးလိုက်ရတဲ့အတွက် သူဒုက္ခမှလွတ်ပါစေဆိုသည့် ကရုဏာ၊ ချမ်းသာပါစေဟူသော မေတ္တာအရင်းခံဖြင့် ဆောင်ရွက်ပေးနေကြခြင်း ဖြစ်ပါသည်။ ကိုယ့်ကျေးဇူးကို သိသဖြင့် မိမိအပေါ်ပြန်လည်တုံ့ပြန်မှု မျှော်လင့်မထားကြပါ။ တကယ်စင်စစ်အားဖြင့် ပရဟိတလုပ်ခြင်းသည် လောဘကို တိုက်ရိုက် ဖြိုဖျက်ပေးသော အလုပ်ဖြစ်သည်။ ထို့ပြင် မေတ္တာကရုဏာဖြင့် ဆောင်ရွက်ခြင်းဖြစ်သောကြောင့် ဒေါသကိုလဲ တိုက်ရိုက်ဖျက်ဆီးနေသော အလုပ်လည်း ဖြစ်ပါသည်။ အသိတရား ဦးဆောင်ပြီးလုပ်လျှင် မောဟကိုပါ သန့်စင်လိုက်ခြင်း ဖြစ်သွားသည်။ ထိုကဲ့သို့ လောဘ၊ ဒေါသ၊ မောဟကို အနိုင်ယူရသော အလုပ်ဖြစ်ခြင်းကြောင့် မြင့်မြတ်လှသောအလုပ်ဟု ဆိုနိုင်ပါသည်။
လောကထဲ၌ ဆင်းရဲဒုက္ခအပူ ပြဿနာမျိုးစုံကို ဖန်တီးနေသည့် လောဘ၊ ဒေါသ၊ မောဟ အပူငွေ့များအား ဖယ်ရှားသန့်စင်ပြီး မြင့်မြတ်သောစိတ်ထားဖြင့် ဆောင်ရွက်နေခြင်းဖြစ်သောကြောင့် စဉ်းစားကြည့်လျှင် ပရဟိတအလုပ်သည် အလွန်ကြည်နူးစရာကောင်းသော အလုပ်ပင်ဖြစ်ပါသည်။ ထို့ကြောင့် လူသားအများစုသည် ပရဟိတကို စိတ်ပါဝင်စားစွာဖြင့် ပြုလုပ်နေကြခြင်း ဖြစ်သည်ဟု ထင်မြင်မိပါသည်။
အလှူအတန်းပွဲ၊ အများသူငှာလုပ်နေကြသည့် ပွဲလမ်းသဘင်များတွင် ပရဟိတဝေယျာဝစ္စပြုလုပ်ပေးနေသည်ကို မကြာခဏတွေ့မြင်ရပါသည်။ ထိုသူများသည် ပရဟိတစိတ်ဓာတ်ကြောင့် မိမိနှင့်မသက်ဆိုင်သည့် အလုပ်ကိစ္စများကို အချိန်ကုန်ခံ ပင်ပန်းခံပြီး ပြုလုပ်ပေးနေကြခြင်း ဖြစ်သည်။ ထို့အတူ အသုဘပို့မှုများ၌ လူများစုသည် မိမိတို့လိုက်ပါစရာ မလိုသော်လည်း ပရဟိတစိတ်ရှိသူပီပီ သေသွားသူအား နှုတ်ဆက်သည့်အနေဖြင့်လည်းကောင်း၊ ကျန်ရစ်သူမိသားစုများကို အားဖြည့်ပေးသည့်အနေဖြင့်လည်းကောင်း ၀ိုင်းဝန်ကူညီပြုလုပ်ပေးနေကြသည်။ မြတ်ဗုဒ္ဓက ပရဟိတစိတ်ဓာတ်ဖြင့် အလှူတန်းပွဲများကို ၀ိုင်းဝန်ကူညီပြုလုပ်ပေးသောသူသည် အလှူရှင်များနည်းတူ ကောင်းကျိုးကုသိုလ်ရရှိသည့်အပြင် မေတ္တာကရုဏာဖြင့် ပြုလုပ်ပေးခြင်းကြောင့် သီလလုံခြုံသူများလည်း ဖြစ်သည်ဟု မိန့်တော်မူခဲ့သည်။
ဘုရားရှင်နှင့်ရဟန္တာတို့သည် ယခုမျက်မှောက်လုပ်သော ကောင်းကျိုးများ၏ အကျိုးကျေးဇူးများကို နောက်ဘ၀တွင် ဆက်လက်ခံစားရန် မရှိသော်လည်း ပရဟိတအလုပ်ကို ပြုလုပ်ပေးကြသည်။ တကယ်ဆို ရဟန္တာအရှင်မြတ်များသည် မိမိတို့ရရှိသည့်နိဗ္ဗာန်ချမ်းသာကို ခံစားနေရပါမည်။ သို့သော် သူတော်ကောင်းတို့၏ စိတ်ဓာတ်သည်ကား မိမိချမ်းသာရေးထက် အများချမ်းသာရေးကိုသာ ဦးစားပေးတတ်သောကြောင့် ပရဟိတလုပ်ငန်းများ ပြုလုပ်ကြခြင်း ဖြစ်ပါသည်။
မြတ်ဗုဒ္ဓသည် သူတစ်ယောက်အတွက်ပဲ ချစ်မည်ဆိုလျှင် သုမေဓာရှင်ရသေ့ဘ၀ကတည်းက သာဝကရဟန္တာပုဂ္ဂိုလ်အနေဖြင့် နိဗ္ဗာန်ချမ်းသာကြီးကို အလွယ်တကူ ရယူနိုင်သော အခြေအနေရှိခဲ့ပါသည်။ သို့သော် မိမိကိုယ့်ကို တကယ်ချစ်တာထက် အများကိုပို၍ ချစ်ခင်သောပရဟိတစိတ်ဓာတ်ရှိသူဖြစ်သောကြောင့် သာဝကပုဂ္ဂိုလ်အနေဖြင့် နိဗ္ဗာန်ချမ်းသာမယူဘဲ သဗ္ဗညုတဉာဏ်ရအောင် သူများမလုပ်နိုင်သည့် ပါရမီများကို ဘ၀များစွာ ဆင်းရဲပင်းပန်းခံပြီး အများကိုလည်း သူနည်းတူရအောင် ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ပါသည်။
သဗ္ဗညုတဉာဏ်ရ၍ မြတ်ဗုဒ္ဓဖြစ်သောအခါ၌လည်း တစ်ရက်ကို(၂၄)နာရီရှိရာ မြတ်ဗုဒ္ဓသည် (၂၂)နာရီ ပရဟိတအများအကျိုးအတွက် အလုပ်လုပ်ပေးခဲ့ပါသည်။ ထိုကဲ့သို့ မိမိတို့ရဲ့ဆရာသခင်ကျေးဇူးရှင်ဖြစ်သော မြတ်ဗုဒ္ဓသည်ပင် ဤမျှလောက် ပရဟိတအလုပ် လုပ်ခဲ့သေးလျှင် ကျွန်ုပ်တို့သည် မြတ်ဗုဒ္ဓမျှလောက် မလုပ်နိုင်လျှင်သော်မှ မိမိတက်နိုင်သည့် ပရဟိတလုပ်ငန်းများကို မဖြစ်မနေပြုလုပ်ပေးသင့်ပါသည်။
ပရဟိတလုပ်နေချိန်တွင် သီလရှိသူ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုသည့် ဗြဟ္မစိုရ်တရားလေးပါးနှင့်ညီသောကြောင့် ဗြဟ္မာများနှင့်တူသော လူကောင်းတစ်ယောက်ဟု သတ်မှတ်နိုင်ပါသည်။ ပရဟိတလုပ်မနေသောအချိန်တွင်တော့ အကုသိုလ်များလည်း လုပ်နိုင်သောကြောင့် အမြဲလူကောင်းတစ်ယောက်ဟုတ်မဟုတ်တော့ အနီးကပ်လေ့လာမှ သိနိုင်ပေလိမ့်မည်။ သို့သော် မိမိသန္တာန်၌ အများအကျိုးပရဟိတလုပ်ဖို့သာ စိတ်ဆန္ဒရှိနေလျှင်တော့ ထိုသူကို လူကောင်းတစ်ယောက်ဟု သတ်မှတ်နိုင်ပါသည်။
ပရဟိတလုပ်သူသည် မိမိတို့ကျေးဇူးရှင်ဖြစ်သော မြတ်ဗုဒ္ဓကိုလည်း အတုယူသူ မိမိအပေါ်အများက ပြန်လည်တုန့်ပြန်မည့် အကျိုးကျေးဇူးများကိုလည်း မျှော်လင့်ချက်မထားဘဲ မိမိကူညီလုပ်ကိုင်ပေးလိုက်၍ သူတစ်ပါးချမ်းသာပျော်ရွှင်သွားသည်ကိုမြင်ရလျှင် ကျေနပ်မှုပီတိများဖြင့် နှစ်သိမ့်နေသောသူများ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့လူသားများသည် ရခဲလှသော လူ့ဘ၀၊ ရှိခဲလှသော သူတော်ကောင်းစိတ်၊ တွေ့ခဲလှသော ဘုရားသာသနာ၊ ပြုနိုင်ခဲလှသော ပရဟိတအလုပ်ကို ယခုလို အသက်ရှိစဉ်အချိန်ကာလလေး၌ များများပြုလုပ်ပေးရပါမည်။ သို့မှသာ မိမိကိုယ့်ကိုရော သူတစ်ပါးကိုပါ တကယ်ချစ်သောသူဖြစ်ပြီး လူဖြစ်ရကျိုးနပ်သော လူတစ်ယောက်ဖြစ်ကာ မိမိတို့ပန်းတိုင်ကိုလည်း လျင်မြန်စွာရောက်ရှိပါလိမ့်မည်။
မှတ်ချက်။ ။တကယ်ချစ်ရဲ့လား (ပရဟိတဆောင်းပါး)ကို ဆန်နီနေမင်းဘလော့မှကူးယူဖော်ပြသည်။