လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းရွှင်လန်းချမ်းမြေ့ပါစေ....

ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...

တကယ်ချစ်ရဲ့လား (ပရဟိတဆောင်းပါး)

                                                                                       
လောကတွင် လူသားများအသုံးပြုများသော စကားလုံးတစ်ခု ရှိပါသည်။ ထိုစကားလုံးမှာ တကယ်ချစ်ရဲ့လားဆိုသည့်စကားပင် ဖြစ်ပါသည်။ ဒီစကားလုံးကို အများသူငှာပြောနေကြသော်လည်း မိမိကိုယ်ကို မေးရမှာလား သူတစ်ပါးကိုမေးရမဲ့စကားလားဆိုတာ နားလည်သူက နည်းပါးမည် ထင်ပါသည်။ ထို့ကြောင့်လည်း တကယ်ချစ်ရဲ့လားဟု သူတစ်ပါးကိုပဲ မေးနေကြခြင်း ဖြစ်သည်။

တကယ်တော့ ဒီစကားဟာ မိမိကိုယ်ကို မေးရမဲ့စကားပါ။ ဘာဖြစ်လို့လဲဆိုတော့ မိမိကိုယ့်ကိုမှ တကယ်မချစ်သောသူသည် သူတစ်ပါးကို တကယ်ချစ်တယ်ဆိုတာ မဖြစ်နိုင်လို့ပါ။ မိမိကိုယ့်ကို တကယ်ချစ်သောသူသည် သူတစ်ပါးကိုချစ်၍ သူတစ်ပါးဒုက္ခရောက်အောင် မလုပ်ဘဲ သူတစ်ပါးအကျိုးရှိမည့် အများအကျိုးကိုသာ ပြုလုပ်ပေးကြသည်။ မိမိကိုယ်ကို တကယ်ချစ်၍ ကောင်းတာများလုပ်မှသာလျှင် မိမိလည်း ကောင်းစားမှာဖြစ်ပြီး မိမိချစ်သော သူတစ်ပါးသည်လည်း ကောင်းစားမည်ဖြစ်ပါသည်။ မိမိကိုယ့်ကို မချစ်၍ မကောင်းတာများလုပ်မည်ဆိုလျှင် မိမိမကောင်းကျိုးများ ခံစားရမည်ဖြစ်သောကြောင့် သူတစ်ပါးလည်း ကောင်းကျိုးချမ်းသာများ ခံစားရမည်မဟုတ်ပေ။

သူတစ်ပါးအသက်ကိုသတ်လျှင် သူတစ်ပါးလည်း စိတ်ဒုက္ခရောက်သလို မိမိလည်း နောက်တစ်ချိန်တွင် ထိုကဲ့သို့သော စိတ်ဒုက္ခများစွာခံစားရမည့်အပြင် ယခုမျက်မှောက်ဘ၀တွင်လည်း ကံနိမ့်နေပါက မကောင်းကျိုးများ ဆက်တိုက်ပေးခြင်း ခံရမည်ဖြစ်ပါသည်။ မိမိကိုယ့်ကို တကယ်ချစ်တဲ့လူဆိုရင် မိမိယခုဘ၀ နောက်ဘ၀ကောင်းစားဖို့ကိုကြည့်ရမည့်အပြင် မိမိအမြဲချမ်းသာမှုများခံစားရမည့် မိမိတို့ပန်းတိုင်ကိုပါ လျင်မြန်စွာရောက်အောင် ကြိုးစားပြုလုပ်ရပါမည်။ သို့မှလည်း မိမိကိုယ်ကို တကယ်ချစ်ရာရောက်၍ မိမိကိုယ်ကိုချစ်သောသူဟုလည်း ခေါ်ဆိုနိုင်ပါမည်။ ထိုသို့မဟုတ်လျှင်တော့ မိမိကိုယ်ကို တကယ်ချစ်သောသူဟု မဆိုနိုင်ပေ။

သူတစ်ပါးပစ္စည်းကို ခိုးယူသူသည် ပစ္စည်းခိုးရန် အကြံထုတ်ခြင်း၊ စွန့်စားရခြင်းတို့ကြောင့် သူ့စိတ်မှာ မကောင်းတာချည်းဖြစ်နေတဲ့အတွက် ရုပ်ရေမှာလည်း ကြမ်းတမ်းနေသဖြင့် သူခိုးများ၏ မျက်နှာမှာ လူချောလူခန့်ဟု မရှိဘဲ ရုပ်ဆိုးများသာ ဖြစ်နေကြပေသည်။ နောင်ဘ၀တွင်လည်း မိမိ၌ ထိုကဲ့သို့သော ဆင်းရဲမှုများနဲ့သာ ရင်ဆိုင်ရမည့်အပြင် ဖြစ်လေရာမှာ ချမ်းသာသောသူ မဖြစ်သဖြင့် မိမိကိုယ့်ကို ဒုက္ခပေးသူဖြစ်၍ မိမိကိုယ့်ကို ချစ်သောသူမဖြစ်နိုင်ပါ။ ထိုသို့မိမိကိုယ့်ကိုမချစ်သဖြင့် မချမ်းသာသောသူသည် သူတစ်ပါးကိုလည်း ချမ်းသာအောင်ပြုလုပ်ပေးနိုင်မည်မဟုတ်သောကြောင့် သူတစ်ပါးကိုလည်း တကယ်ချစ်သောသူဟု မသတ်မှတ်နိုင်ပေ။

သူတစ်ပါးသားမယားကို ပြစ်မှားသူသည် သံသရာဘက်ကကြည့်လျှင် နောင်ဘ၀မှာ မိမိအား စိတ်ဒုက္ခများစွာဖြစ်မဲ့ မကောင်းကျိုးများ ခံစားရမည်ဖြစ်ပါသည်။ ထို့အတူ ယခုမျက်မှောက်ဘ၀အတွက် ကြည့်လျှင်လည်း ရောဂါရခြင်း၊ အားနည်းခြင်း၊ ကျန်းမာရေးချို့တဲ့ခြင်းများ ခံစားရပါသည်။ အမှန်ကိုအမှန်အတိုင်းမသိသောသူများသည် တကယ်ချမ်းသားမှုမဟုတ်တဲ့ စိတ်ရဲ့လှည့်စားမှုလေးကိုပဲ မိမိအတွက်ချမ်းသာတယ် ကောင်းတယ်ထင်ကာ မကောင်းမှုများမှာ ပျော်မွေ့ပြီး မိမိကိုယ့်ကို ဒုက္ခရောက်အောင် ပြုလုပ်နေကြခြင်း ဖြစ်ပါသည်။

သူတစ်ပါးပျက်စီးအောင်၊ စိတ်ဒုက္ခရောက်အောင် လိမ်ညာပြောဆိုလှည့်ပတ်သူသည် ယခုမျက်မှောက်တွင် သူတစ်ပါးဆင်းရဲရသလို မိမိခံစားရမည့်အပြင် နောင်တမလွန်မှာလည်း မကောင်းမှုများဖြင့် ပြည့်နပ်နေပြီး မကောင်းကျိုးများဖြင့်သာ ကျင်လည်နေရမည်ဖြစ်သောကြောင့် ထိုသူသည် မိမိကိုယ့်ကို တကယ်ချစ်သောသူ မဖြစ်နိုင်ပါ။

အရက်သေစာသောက်စား မူးယစ်နေသောသူသည် မျက်မှောက်ဘ၀တွင် မကောင်းမှုများလုပ်ရန် ၀န်မလေးခြင်း၊ မိမိမိသားစု စိတ်မချမ်းသာခြင်း၊ မိမိ၏စိတ်သည် ပုံမှန်မဟုတ်သဖြင့် ကောင်းမှုမလုပ်နိုင်ခြင်း၊ စီးပွားရေးများ မကြံဆနိုင် မပြုလုပ်နိုင်သဖြင့် စီးပွားနှောင့်နှေးခြင်း၊ မိမိကိုယ့်ကိုမိမိ ကျန်းမာရေးချို့တဲ့အောင်ပြုလုပ်နေခြင်းတို့အပြင် နောက်ဘ၀တွင်လည်း အရူးဖြစ်ခြင်း၊ ဉာဏ်ထိုင်းမှိုင်းသူဖြစ်ခြင်းစသော မကောင်းကျိုးများကိုသာ ခံစားရမည်ဖြစ်သောကြောင့် မိမိကိုယ်ကို တကယ်ချစ်သောသူ မဖြစ်နိုင်ပေ။

ထို့အတူ ဒေါသကြီးသောပုဂ္ဂိုလ်များသည် ယခုဘ၀၌ မိမိအတွက် ရုပ်ရေကြမ်းတမ်းခြင်း၊ ကျန်းမာရေးချို့တဲ့ခြင်းဖြစ်ပြီး နောင်ဘ၀တွင်လည်း ရုပ်ရေမလှသောသူ ဖြစ်ရပါသည်။ တကယ်လို့သာ မိမိကိုယ်ကိုချစ်တာမှန်ရင် ဒီလိုမျိုး မျက်မှောက်တမလွန်အကျိုးမရှိမဲ့ မကောင်းမှုမှန်သမျှကို ရှောင်ကြဉ်ကာ မိမိဒုက္ခတွေငြိမ်းပြီး ချမ်းသာမှုသာရှိတဲ့ နိဗ္ဗာန်ကိုရောက်အောင် ကြိုးစားပြုလုပ်ရပေမည်။ ထို့ကြောင့် မိမိကိုယ့်ကို နေ့စဉ်နဲ့အမျှ တကယ်ချစ်ရဲ့လားလို့ မေးမေးပေးသင့်ပါသည်။

လူသားအများစု ဘာသာမရွေး၊ လူမျိုးမရွေး ပြုလုပ်နေကြသည့် ပရဟိတလုပ်ငန်းဆိုတာ ရှိပါသည်။ ထို့လုပ်ငန်းသည် တကယ်တွေးကြည့်လျှင် မိမိကိုယ်ကိုချစ်၍ သူတစ်ပါးကိုချစ်နေကြသော ပုဂ္ဂိုလ်များ၏အလုပ်ပင် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် သူတစ်ပါးကိုကူညီပေးလိုက်လျှင် မိမိအကျိုးကိစ္စပါ တစ်ခါတည်းပြီးလျက်ဖြစ်နေသောကြောင့် သူတစ်ပါးစိတ်ချမ်းသာ ပျော်ရွှင်ရသလို မိမိလည်းယခုဘ၀မှာ စိတ်ချမ်းသာမှုပီတိများခံစားရပြီး နောင်ဘ၀များစွာတွင်လည်း ကောင်းကျိုးများခံစားလျက် မိမိတို့ပန်းတိုင်ကို လျင်မြန်စွာ ရောက်ရှိပါသည်။

သူတစ်ပါးအကျိုးကိုလုပ်သော ပရဟိတအလုပ်သည် အယုတ် အလတ် အမြတ်မရွေး လူမျိုးမရွေး၊ ဘာသာမရွေး၊ ပုဂ္ဂိုလ်မရွေး၊ ဘယ်သူဘယ်ဝါ မရွေး၊ အားလုံးရဲ့အကျိုးအတွက် လုပ်ပေးခြင်း ဖြစ်သည်။ မိမိကူညီပေးလိုက်သော သူတို့ထံမှ မည်သည့်မျှော်လင့်ချက်မျှ မထားဘဲ ပေးဖို့သက်သက်ပဲ ဖြစ်ပါသည်။ မိမိကူညီပြုလုပ်ပေးလိုက်ရ၍ သူတစ်ပါးချမ်းသာသွားသည်ကိုမြင်ရရင် ပရဟိတသမားများသည် ကျေနပ်နေကြသည်။

လောက၌ ကံဉာဏ်နည်းပါးသဖြင့် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး မလုံလောက်ရှာကြ၍ မပြည့်စုံသူများအား ကူညီလုပ်ပေးလိုက်ရတဲ့အတွက် သူဒုက္ခမှလွတ်ပါစေဆိုသည့် ကရုဏာ၊ ချမ်းသာပါစေဟူသော မေတ္တာအရင်းခံဖြင့် ဆောင်ရွက်ပေးနေကြခြင်း ဖြစ်ပါသည်။ ကိုယ့်ကျေးဇူးကို သိသဖြင့် မိမိအပေါ်ပြန်လည်တုံ့ပြန်မှု မျှော်လင့်မထားကြပါ။ တကယ်စင်စစ်အားဖြင့် ပရဟိတလုပ်ခြင်းသည် လောဘကို တိုက်ရိုက် ဖြိုဖျက်ပေးသော အလုပ်ဖြစ်သည်။ ထို့ပြင် မေတ္တာကရုဏာဖြင့် ဆောင်ရွက်ခြင်းဖြစ်သောကြောင့် ဒေါသကိုလဲ တိုက်ရိုက်ဖျက်ဆီးနေသော အလုပ်လည်း ဖြစ်ပါသည်။ အသိတရား ဦးဆောင်ပြီးလုပ်လျှင် မောဟကိုပါ သန့်စင်လိုက်ခြင်း ဖြစ်သွားသည်။ ထိုကဲ့သို့ လောဘ၊ ဒေါသ၊ မောဟကို အနိုင်ယူရသော အလုပ်ဖြစ်ခြင်းကြောင့် မြင့်မြတ်လှသောအလုပ်ဟု ဆိုနိုင်ပါသည်။

လောကထဲ၌ ဆင်းရဲဒုက္ခအပူ ပြဿနာမျိုးစုံကို ဖန်တီးနေသည့် လောဘ၊ ဒေါသ၊ မောဟ အပူငွေ့များအား ဖယ်ရှားသန့်စင်ပြီး မြင့်မြတ်သောစိတ်ထားဖြင့် ဆောင်ရွက်နေခြင်းဖြစ်သောကြောင့် စဉ်းစားကြည့်လျှင် ပရဟိတအလုပ်သည် အလွန်ကြည်နူးစရာကောင်းသော အလုပ်ပင်ဖြစ်ပါသည်။ ထို့ကြောင့် လူသားအများစုသည် ပရဟိတကို စိတ်ပါဝင်စားစွာဖြင့် ပြုလုပ်နေကြခြင်း ဖြစ်သည်ဟု ထင်မြင်မိပါသည်။

အလှူအတန်းပွဲ၊ အများသူငှာလုပ်နေကြသည့် ပွဲလမ်းသဘင်များတွင် ပရဟိတဝေယျာဝစ္စပြုလုပ်ပေးနေသည်ကို မကြာခဏတွေ့မြင်ရပါသည်။ ထိုသူများသည် ပရဟိတစိတ်ဓာတ်ကြောင့် မိမိနှင့်မသက်ဆိုင်သည့် အလုပ်ကိစ္စများကို အချိန်ကုန်ခံ ပင်ပန်းခံပြီး ပြုလုပ်ပေးနေကြခြင်း ဖြစ်သည်။ ထို့အတူ အသုဘပို့မှုများ၌ လူများစုသည် မိမိတို့လိုက်ပါစရာ မလိုသော်လည်း ပရဟိတစိတ်ရှိသူပီပီ သေသွားသူအား နှုတ်ဆက်သည့်အနေဖြင့်လည်းကောင်း၊ ကျန်ရစ်သူမိသားစုများကို အားဖြည့်ပေးသည့်အနေဖြင့်လည်းကောင်း ၀ိုင်းဝန်ကူညီပြုလုပ်ပေးနေကြသည်။ မြတ်ဗုဒ္ဓက ပရဟိတစိတ်ဓာတ်ဖြင့် အလှူတန်းပွဲများကို ၀ိုင်းဝန်ကူညီပြုလုပ်ပေးသောသူသည် အလှူရှင်များနည်းတူ ကောင်းကျိုးကုသိုလ်ရရှိသည့်အပြင် မေတ္တာကရုဏာဖြင့် ပြုလုပ်ပေးခြင်းကြောင့် သီလလုံခြုံသူများလည်း ဖြစ်သည်ဟု မိန့်တော်မူခဲ့သည်။

ဘုရားရှင်နှင့်ရဟန္တာတို့သည် ယခုမျက်မှောက်လုပ်သော ကောင်းကျိုးများ၏ အကျိုးကျေးဇူးများကို နောက်ဘ၀တွင် ဆက်လက်ခံစားရန် မရှိသော်လည်း ပရဟိတအလုပ်ကို ပြုလုပ်ပေးကြသည်။ တကယ်ဆို ရဟန္တာအရှင်မြတ်များသည် မိမိတို့ရရှိသည့်နိဗ္ဗာန်ချမ်းသာကို ခံစားနေရပါမည်။ သို့သော် သူတော်ကောင်းတို့၏ စိတ်ဓာတ်သည်ကား မိမိချမ်းသာရေးထက် အများချမ်းသာရေးကိုသာ ဦးစားပေးတတ်သောကြောင့် ပရဟိတလုပ်ငန်းများ ပြုလုပ်ကြခြင်း ဖြစ်ပါသည်။

မြတ်ဗုဒ္ဓသည် သူတစ်ယောက်အတွက်ပဲ ချစ်မည်ဆိုလျှင် သုမေဓာရှင်ရသေ့ဘ၀ကတည်းက သာဝကရဟန္တာပုဂ္ဂိုလ်အနေဖြင့် နိဗ္ဗာန်ချမ်းသာကြီးကို အလွယ်တကူ ရယူနိုင်သော အခြေအနေရှိခဲ့ပါသည်။ သို့သော် မိမိကိုယ့်ကို တကယ်ချစ်တာထက် အများကိုပို၍ ချစ်ခင်သောပရဟိတစိတ်ဓာတ်ရှိသူဖြစ်သောကြောင့် သာဝကပုဂ္ဂိုလ်အနေဖြင့် နိဗ္ဗာန်ချမ်းသာမယူဘဲ သဗ္ဗညုတဉာဏ်ရအောင် သူများမလုပ်နိုင်သည့် ပါရမီများကို ဘ၀များစွာ ဆင်းရဲပင်းပန်းခံပြီး အများကိုလည်း သူနည်းတူရအောင် ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ပါသည်။

သဗ္ဗညုတဉာဏ်ရ၍ မြတ်ဗုဒ္ဓဖြစ်သောအခါ၌လည်း တစ်ရက်ကို(၂၄)နာရီရှိရာ မြတ်ဗုဒ္ဓသည် (၂၂)နာရီ ပရဟိတအများအကျိုးအတွက် အလုပ်လုပ်ပေးခဲ့ပါသည်။ ထိုကဲ့သို့ မိမိတို့ရဲ့ဆရာသခင်ကျေးဇူးရှင်ဖြစ်သော မြတ်ဗုဒ္ဓသည်ပင် ဤမျှလောက် ပရဟိတအလုပ် လုပ်ခဲ့သေးလျှင် ကျွန်ုပ်တို့သည် မြတ်ဗုဒ္ဓမျှလောက် မလုပ်နိုင်လျှင်သော်မှ မိမိတက်နိုင်သည့် ပရဟိတလုပ်ငန်းများကို မဖြစ်မနေပြုလုပ်ပေးသင့်ပါသည်။

ပရဟိတလုပ်နေချိန်တွင် သီလရှိသူ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုသည့် ဗြဟ္မစိုရ်တရားလေးပါးနှင့်ညီသောကြောင့် ဗြဟ္မာများနှင့်တူသော လူကောင်းတစ်ယောက်ဟု သတ်မှတ်နိုင်ပါသည်။ ပရဟိတလုပ်မနေသောအချိန်တွင်တော့ အကုသိုလ်များလည်း လုပ်နိုင်သောကြောင့် အမြဲလူကောင်းတစ်ယောက်ဟုတ်မဟုတ်တော့ အနီးကပ်လေ့လာမှ သိနိုင်ပေလိမ့်မည်။ သို့သော် မိမိသန္တာန်၌ အများအကျိုးပရဟိတလုပ်ဖို့သာ စိတ်ဆန္ဒရှိနေလျှင်တော့ ထိုသူကို လူကောင်းတစ်ယောက်ဟု သတ်မှတ်နိုင်ပါသည်။

ပရဟိတလုပ်သူသည် မိမိတို့ကျေးဇူးရှင်ဖြစ်သော မြတ်ဗုဒ္ဓကိုလည်း အတုယူသူ မိမိအပေါ်အများက ပြန်လည်တုန့်ပြန်မည့် အကျိုးကျေးဇူးများကိုလည်း မျှော်လင့်ချက်မထားဘဲ မိမိကူညီလုပ်ကိုင်ပေးလိုက်၍ သူတစ်ပါးချမ်းသာပျော်ရွှင်သွားသည်ကိုမြင်ရလျှင် ကျေနပ်မှုပီတိများဖြင့် နှစ်သိမ့်နေသောသူများ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့လူသားများသည် ရခဲလှသော လူ့ဘ၀၊ ရှိခဲလှသော သူတော်ကောင်းစိတ်၊ တွေ့ခဲလှသော ဘုရားသာသနာ၊ ပြုနိုင်ခဲလှသော ပရဟိတအလုပ်ကို ယခုလို အသက်ရှိစဉ်အချိန်ကာလလေး၌ များများပြုလုပ်ပေးရပါမည်။ သို့မှသာ မိမိကိုယ့်ကိုရော သူတစ်ပါးကိုပါ တကယ်ချစ်သောသူဖြစ်ပြီး လူဖြစ်ရကျိုးနပ်သော လူတစ်ယောက်ဖြစ်ကာ မိမိတို့ပန်းတိုင်ကိုလည်း လျင်မြန်စွာရောက်ရှိပါလိမ့်မည်။
                                                                                        
မှတ်ချက်။   ။တကယ်ချစ်ရဲ့လား (ပရဟိတဆောင်းပါး)ကို ဆန်နီနေမင်းဘလော့မှကူးယူဖော်ပြသည်။

No comments: