လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းရွှင်လန်းချမ်းမြေ့ပါစေ....

ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...

ဥပုသ်သီလစောင့်တည်ခြင်းအကြောင်း

ဥပုသ် ဆိုတဲ့ စကားလုံးက စိတ်ကောင်းစိတ်မြတ်၊ ဓာတ်ကောင်းဓာတ်မြတ်တွေနဲ့ ပြည့်စုံစွာ နေထိုင်ခြင်း လို့ အဓိပ္ပာယ်ရပါတယ်။
တနည်းပြောရင်တော့ စိတ်လျှော်ဖွပ်တဲ့အလုပ် ကို ဥပုသ်လို့ ခေါ်ပါတယ်။ ကိုယ့်စိတ်မှာ ညစ်ပတ်ပေကျံနေတဲ့ လောဘ၊ ဒေါသ၊ မာန၊ ဣဿ စတဲ့ ကိလေသာ အညစ်အကြေးတွေကို ဖြူဖွေးသန့်စင်သွားအောင် ဆေးကြောလျှော်ဖွပ်နေတာကိုပဲ ဥပုသ်စောင့်တယ်လို့ခေါ်တာပါ။
            ညစာမစားရုံသက်သက်နဲ့ ဥပုသ်ရတယ်လို့ မခေါ်နိုင်သေးပါဘူး။ စိတ်အ၀တ်ကို သန့်စင်သွားအောင် လျှော်ဖွတ်နိုင်မှ ဥပုသ်ရတယ်လို့ ခေါ်ပါတယ်။
            သမထဆပ်ပြာနဲ့ တိုက်လို့ပဲဖြစ်ဖြစ်၊ ၀ိပဿနာဆပ်ပြာနဲ့ တိုက်လို့ပဲဖြစ်ဖြစ် ကိုယ့်စိတ်အ၀တ်လေး ဖြူဖွေးသန့်စင်နေပြီဆိုလျှင် အဲဒီနေ့ ဥပုသ်စစ်စစ်ရပါတယ်။ ဘာ ဘာဝနာဆပ်ပြာနဲ့မှ မတိုက်ပဲ သိက္ခာပုဒ်ရှစ်ခု မကျိုးရင်ပြီးရော နေရိုးနေစဉ်အတိုင်းနေနေမယ်၊ လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်နေမယ်ဆိုရင်တော့ အဲဒီနေ့ ဥပုသ်စစ်စစ်မရဘဲ ဥပုသ်မစစ်တစစ်ပဲ ရပါလိမ့်မယ်။
            မလွန်ကျူးပါဘူးလို့ ကတိပြုထားတဲ့ သိက္ခာပုဒ်ရှစ်ခုကို မကျိုးမပေါက်အောင် စောင့်ထိန်းနိုင်ရုံနဲ့ ဥပုသ်ရဲ့အဓိပ္ပာယ် မပြည့်စုံသေးပါဘူး။ ကိုယ့်ရဲ့ စိတ်ဝတ်စုံမှာ ပေကျံကပ်ငြိနေတဲ့ ဓာတ်ဆိုးဓာတ်ညံ့ အညစ်အကြေးတွေ၊ ဓာတ်ပုပ်ဓာတ်ယုတ် အနံအစော်တွေကို လွင့်စဉ်ကင်းပသွားအောင် ဖယ်ရှားရှင်းလင်းနိုင်မှ ဥပုသ်ရဲ့ အဓိပ္ပာယ် ပြည့်စုံပါတယ်။ စာသံပေသံနဲ့ ပြောရရင်တော့ စိတ်မှာ ကိလေသာကင်းအောင် လုပ်နိုင်မှ ဥပုသ်ရပါတယ်။ သိက္ခာပုဒ်ရှစ်ခု မကျိုးပေမယ့် ကိုယ့်စိတ်ကိုယ် ကိလေသာကင်းအောင် မလုပ်နီုင်ရင် ဥပုသ်မရပါဘူး။
            “ဥပုသ်= စိတ်လျှော်ဖွပ်တဲ့အလုပ်” ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ငါးပါးသီလပဲ စောင့်ထိန်းပြီး စိတ်လျှော်ဖွပ်နေရင် အသွင်သဏ္ဌာန်အရ ဥပုသ်လို့ မခေါ်ပေမယ့် အနှစ်သာရ အရကတော့ ဥပုသ်လို့ ခေါ်နိုင်ပါတယ်။ ရှစ်ပါးသီလစောင့်ထိန်းပြီး စိတ်မလျှော်ဖွတ်ရင်တော့ အသွင်သဏ္ဌာန်အရ ဥပုသ်လို့ ခေါ်ပေမယ့် အနှစ်သာရ အရကတော့ ဥပုသ်လို့ မခေါ်နိုင်ပါဘူး။

ဝါတွင်းသုံးလအခါသမယမှာ ဥပုသ်သီလဆောက်တည်တဲ့သူတွေအများအပြားရှိကြပါတယ်။ မိမိကိုယ်တိုင်လဲအပါအ၀င်ပါပဲ။ ဒါပေမယ့် ဥပုသ်ဆောက်တည်တယ်ဆိုတာ သိက္ခာရှစ်ပါးကို ဆောက်ထိန်းနိုင်ရင် ရပြီလို့ကိုယ့် စိတ်ထဲမှာမှတ်ထားခဲ့ပါတယ်။ ဒါပေမယ့်လဲ အရှင်ဆန္ဒာဓိက၏ စိတ်အားဖြည့်ဓမ္မပန်းပွင့်စာအုပ်ထဲမှ ဥပုသ်သီလနဲ့ပတ်သတ်တဲ့(စိတ်ကိုထုလုပ်စနစ်မှန်မှ မဖိတ်ယိုဥပုသ် အနှစ်ကျန်ပါတယ်၊ ဆပ်ပြာကူမှအညစ်ပျောက် ဖြတ်ရာမူမှ အနှစ်ရောက်၊ အညစ်စုပြုတ်မှ အနှစ်ဥပုသ်ရပါတယ်၊စိတ်လျှော်တာ အခုလုပ်ရင်ဥပုသ်ပါပဲ) ဆိုတဲ့ဆရာတော်ရဲ့ ဆောင်းပါးလေးတွေကိုဖတ်ပြီးမှ ဥပုသ်သီလဆောက်တည်တဲ့အခါမှာ စိတ်ထဲမှာ ကိလေသာကင်းအောင်အရင်လုပ်နိုင်မှသာ ဥပုသ်ရတယ်ဆိုတဲ့ အကြောင်းလေးကိုသိရပါတော့တယ်။ ဒါ့ကြောင့် ဥပုသ်ဆောက်တည်သူများအားလုံးသိစေရန်ရည်ရွယ်၍ ဒီပို့စ်လေးကို ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။

No comments: