လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းရွှင်လန်းချမ်းမြေ့ပါစေ....

ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...

သင် “ဥယျာဉ်မှူးလား” “၀ယ်သူလား”

မြန်မာပြည်ဟာ စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံဖြစ်တဲ့အတွက်ကြောင့် နေရာအနှံ့အပြားမှာ ဥယျာဉ် ကိုင်းကျွန်းလယ်ယာများ စိုက်ခင်းပျိုးခင်းများကို တွေ့မြင်နိုင်ကြပါတယ်၊ ဆယ့်နှစ်ရာသီလုံး နေရာအနှံ့အပြားမှာ စိုက်ပျိုးထွန်ယက်ပြီး သီးနှံများဝေဆာစွာ လှပနေတဲ့အတွက်ကြောင့် အမိမြန်မာနိုင်ငံကို ထာဝရစိမ်းလန်းလှပနေတဲ့ နိုင်ငံတော်လို့ ကျွန်ုပ်တင်စားပြောလိုပါသည်။

စိမ်းလန်းခြင်းနှစ်မျိုးရှိပါတယ်။ ပြင်ပ(ဗဟိဒ္ဓ) စိမ်းလန်းခြင်းနှင့် အတွင်း (အဇ္ဈတ္တ) စိမ်းလန်းခြင်းတို့ဖြစ်ကြပါသည်။ မည်သည့်စိမ်းလန်းခြင်းမဆိုး လူတစ်ယောက်ရဲ့စိတ်ကို ပျော်ရွှင်ကြည်နူးစေပါတယ်၊အေးမြစေပါတယ်၊တစ်ခါတစ်ရံ အကျွန်ုပ်တို့ပင်ပန်း နွမ်းနယ်တဲ့အခါမှာ စိမ်းလန်းစိုပြေနေတဲ့နေတဲ့ လယ်ယာကိုင်းကျွန်း တောတောင်များကို ကြည့်လိုက်တဲ့အခါမှာ ပင်ပန်းမှုတွေပျောက်ကုန်ပြီးတော့ ပြန်လည်လန်းဆန်းလာမှုကို ခံစားကြရပါတယ်။ ဒါပြင်ပစိမ်းလန်းခြင်းရဲ့ အရှိန်ရိုက်ခတ်မှုကြောင့် ဖြစ်ပါတယ်။

အတွင်းစိမ်းလန်းမှု ဆိုတာကတော့ ကျွန်ုပ်တို့ကို ပူလောင်စေတဲ့ ညှိုးခြောက်စေတဲ့ ပိုပြီးမောဟိုက်စေတဲ့ လောဘ ၊ ဒေါသ၊ မောဟ အစရှိတဲ့ ကိလေသာအညစ်အကြေးတွေ အတွင်းအဇ္ဈတ္တမှာ လျော့နည်းနေခြင်း၊ လုံးဝမရှိခြင်း၊ ထိန်းချုပ်ထားခြင်း ကိုဆိုလိုပါတယ်။

လူတစ်ယောက်ဟာ မည်မျှပင် စီးပွားဥစ္စာတွေနဲ့ပြည့်စုံပါစေ၊ သူ့ရဲ့အဇ္ဈတ္တမှာ လောဘ၊ ဒေါသ၊ မောဟ အစရှိတဲ့ အပူမီးတွေများနေမယ်ဆိုရင် ချမ်းသာကြွယ်ဝ မှုက သူ့ကိုတကယ်ပျော်ရွှင် ချမ်းမြေ့အောင်လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။

ဒီလိုအတွင်း စိမ်းလန်းမှု သို့မဟုတ် ငြိမ်းချမ်းမှုတွေရအောင် ကျွန်ုပ်တို့ဘာလုပ်သင့်သလဲ ? ဗုဒ္ဓတရားတွေကို လေ့လာလိုက်စားပြီး လက်တွေ့ကျင့်သုံးပါတယ်။ သင် တကယ်ဗုဒ္ဓတရားတွေကို လိုက်နာကျင့်သုံးမယ်ဆိုရင် အပြင်မှာ အခြေအနေအမျိုးမျိုးကြောင့် မည်သို့ပင်ရှိနေပါစေ ၊ သင့်ရင်ထဲမှာတော့ စိမ်းလန်းစိုပြေနေမှာပါ။

ဘာဖြစ်လို့လည်းဆိုတော့ ဗုဒ္ဓဘာသာဟာ ပူလောင်မှုကို ကိုယ်စာမပြုပါ၊ အေးချမ်းမှုကို ကိုယ်စားပြုပါတယ်၊ နောက်ဆုံးဗုဒ္ဓဘာသာ ပန်းတိုင်ဟာလည်း ၀မ်းနည်းရခြင်း ၊ ပူဆွေးရခြင်း၊ ငိုကြွေးရခြင်း အစရှိတဲ့ ဆင်းရဲအပေါင်းရဲ့ (ပူလောင်ခြောက်သွေ့ခြင်းအပေါင်းရဲ့) ချုပ်ငြိမ်းသွားခြင်း သဘောပါပဲ၊ အပြည့်အ၀ ချုပ်ငြိမ်းမသွားခင်မှာလည်းပဲ တစ်ယောက်နဲ့ တစ်ယောက်နားလည်ခြင်းတွေ ကိုယ်ကျိုးမဆန်ခြင်း မိမိ မိသားစု၊ တာဝန်ကျေပွန်ရေး အစရှိတဲ့ လောကကြီးရဲ့ သာယာလှပရေးကို ဦးတည်တဲ့ အဆုံးအမတွေကို ဗုဒ္ဓဘာသာဝင်တွေကို သင်ကြားပေးပါတယ်။

ဤကဲ့သို့ တန်ဘိုးရှိလှတဲ့ အနှစ်သာရတွေ ပြည့်နေတဲ့ ငြိမ်းချမ်းမှုတွေ အပြည့်အ၀ပေးနိုင်တဲ့ ဗုဒ္ဓသာသနာတော်ကြီးဟာ ယခုအကျွန်ုပ်တို့တွေရဲ့လက်ထဲရောက်နေပါပြီ။ အကျွန်ုပ်တို့မြန်မာပြည်သူတွေဟာ ဗုဒ္ဓသာသနာဥယျာဉ်ကြီးထဲက ဓမ္မအသီးများကို သုံးဆောင်နေနိုင်ကြတာဟာ တကယ်စဉ်းစားကြည့်မယ်ဆိုရင် ဟို ရှေး ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့ရဲ့ လက်ဆင့်ကမ်း ဗုဒ္ဓဘာသာကို သယ်ဆောင်လာခဲ့ကြလို့ဖြစ်ပါတယ်။

အတိတ်လူသားတွေ လုပ်တဲ့လုပ်ရပ်ရဲ့ ကောင်းကျိုး ဆိုးကျိုးကို ကျွန်ုပ်တို့ ပစ္စုပ္ပန်လူသားတွေ ခံစားကြရပါတယ်၊ ပစ္စုပ္ပန်လူသားတွေလုပ်တဲ့ လုပ်ရပ်ရဲ့ ကောင်းကျိုး ဆိုးကျိုးကိုလည်းပဲ မလွဲမသွေ အနာဂတ် မျိုးဆက်သစ်တွေ တွေ့ကြုံခံစားကြရမှာဖြစ်ပါတယ်။

ယခုအကျွန်ုပ်တို့ဟာ ဗုဒ္ဓဘာသာလို့ခေါ်တဲ့ ဥယျာဉ်ကြီးထဲမှာ အရိပ်နားခိုခွင့်တွေ၊ ရင်ကိုအေးမြစေတဲ့ ဘ၀ အမောတွေ၊ အပူတွေကိုလွင့်ပယ်စေတဲ့ ဓမ္မအသီးများကို သုံးဆောင်ခံစားခွင့်တွေ ရနေကြပါလိမ့်မယ်။

ဒါဟာ ဘာကြောင့်လဲဆိုတော့ ရှေးဘိုး၊ ဘေး၊ ဘီ၊ ဘင် တို့က လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့လို့ ကျွန်ုပ်တို့ ပစ္စုပ္ပန်လူသားတွေ အဆင်ပြေနေကြတာပါ။ ဒါဆိုရင် နောက်အနာဂတ် ကျွန်ုပ်တို့မျိုးဆက်သစ်တွေ အတွက်ရော ကျွန်ုပ်တို့ ဒီတန်ဖိုးရှိပြီး ရှားပါးလှတဲ့ သာသနာ့ဥယျာဉ်ကြီးကို အမြဲထာဝရ စိမ်းလန်းပြီး နှစ်တွေရှည်သထက်ရှည်အောင် မလုပ်သင့်ဘူးလား။

ဘာလုပ်သင့်သလဲ ? ဘာတွေလုပ်ဖို့ လိုသလဲဆိုပြီးတော့ သင်ကမေးပါလိမ့်မယ်၊ တကယ်တော့ သင်ဟာ ဗုဒ္ဓဘာသာတစ်ယောက်ဖြစ်တယ်ဆိုရင် ဒီသာသနာဥယျာဉ်ကြီး အမြဲထာဝရ စိမ်းလန်းစိုပြေရေး၊ ရေရှည်တည်တံ့ရေးအတွက် တစ်ထောင့်တစ်နေရာကနေ စွမ်းအားရှိသလောက် လုပ်ဆောင်နေတာပါလို့ ဖြေပါရစေ။ ဒါပေမယ့် စိတ်လေးနဲနဲ ထားတတ်ဖို့ သို့မဟုတ် ပြုပြင်ပြောင်းလဲဖို့တော့ လိုပါလိမ့်မယ်။

သင်ဟာ တကယ်လို့ မိရိုးဖလာဗုဒ္ဓဘာသာ အဆင့်မဟုတ်တော့ပဲနဲ့ တရား ဓမ္မတွေကို လက်တွေ့ကျကျ လေ့လာလိုက်စားပြီးပြီ ဆိုရင်တော့ ဥယျာဉ်မှူးသာ လုပ်ပါတော့ ၀ယ်သူမလုပ်ပါနဲ့လို့ တောင်းဆိုပါရစေ။ ဥယျာဉ်မှူးနဲ့ဝယ်သူ သိပ်ကွာခြားပါတယ်။

ပန်း သို့မဟုတ် သစ်သီးတွေကို ဥယျာဉ်မှူးထံမှ လာဝယ်တဲ့သူဆိုပါတော့ သူ့မှာ ဈေးဆစ်ပိုင်ခွင့်ရှိပါတယ်။ ဒီဆိုင်မကြိုက်ရင် နောက်တစ်ဆိုင် ပြောင်းခွင့်ရှိပါတယ်။ ဥယျာဉ်မှူးကတော့ ဒီလိုမဟုတ်ရပါဘူး။ မိမိရှင်သန်အောင် စိုက်ပျိုးနေတဲ့ အပင်လေးတွေ ရှင်သန်ကြီးထွားဖို့ပဲ ရည်စူးပါတယ်။ သူစိုက်ပျိုးနေတဲ့ အပင်ငယ်လေးတွေဟာ အားကောင်းမောင်းသန်နဲ့ ကြီးထွားလာကြပြီး အလားအလာကောင်းနေတာလေးတွေကိုတွေ့ရင် သူ့စိတ်ထဲမှာ ပျော်နေမှာ အမှန်ပါပဲ။

အချို့အပင်လေးတွေကြတော့လည်း ဖွံ့ဖြိုးမှုနှေးကွေးပြီး အရွက်အခက်တွေကောင်းကောင်း မထွက်နိုင်ဘူးဆိုရင်တော့ ဥယျာဉ်မှူးက ဥပေက္ခာမပြုပဲနဲ့ ရေပိုလောင်းပြီး လိုအပ်တာလေးတွေ ပိုဖြည့်ဆည်းပေးမှာပါ။

သင်အနေနဲ့ ဥယျာဉ်မှူးလုပ်ဖို့ စိတ်ဝင်စားနေပြီဆိုရင်တော့ ကျွန်ုပ်အကြံပြုပါရစေ ၊ စာသင်သား၊ ကိုရင်၊ ဦးဇင်းလေးတွေကို တက်နိုင်သလောက် လှူဒါန်းထောက်ပံ့ပါ၊ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုတဲ့ စကားလိုပဲ ဒီကိုရင် ဦးဇင်းလေးတွေဟာ ယခုလက်ရှိ သာသနာ့တာဝန်တွေကို ထမ်းဆောင်နေကြတဲ့ သင်တို့ကြည်ညှိုလေးစား ဆည်းကပ်နေကြတဲ့ ကမ္မဋ္ဌာနာစရိယ ဆရာတော်ကြီးတွေ ၊ စာချဆရာတော်ကြီးတွေ ၊ ဓမ္မကထိကဆရာတော်ကြီးတွေ ၊ ကျောင်းထိုင်ဆရာတော်ကြီးတွေရဲ့ နေရာမှာ အစားထိုး ၀င်ရောက်လာမယ့် မျိုးဆက်သစ်တွေဖြစ်ပါတယ်။

ဆရာတော်ကြီးတစ်ပါးနဲ့ ကိုရင် ဦးဇင်းလေးတစ်ပါးနဲ့ အကျင့်သိက္ခာပိုင်းကို သင်စဉ်းစားမယ်ဆိုရင်တော့ စာသင်သားကို လှူရမှာဝန်လေးချင်လေးနေပါလိမ့်မယ်၊ ဒါပေမယ့် သင်ဟာ ဗုဒ္ဓသာသနာတော်ကြီးရဲ့ ဥယျာဉ်မှူးဆိုတဲ့နာမည်ကို ကျေနပ်စွာ ခံယူထားတယ်ဆိုရင်တော့ ထောက်ပံ့ဖို့ဝန်လေးမှာမဟုတ်တော့ပါဘူး။

ဘာဖြစ်လို့လည်းဆိုတော့ အရွယ်ရောက်ဖွံ့ဖြိုးစည်ပင်ပြီး၊ အရိပ်အာဝါသတွေ အသီးအခက်တွေနဲ့ စည်ပင်နေတဲ့ သစ်ပင်ကြီးတစ်ပင်နဲ့ ခုမှဆက်လက်ရှင်သန်ဖို့အားယူခါစ ချွတ်ယွင်းချက်တွေ အနာအဆာတွေနဲ့ ပြည့်နေတဲ့ အညတြသစ်ပင်လေးတစ်ပင်ရဲ့ ကွာခြားချက်ကို သင်နားလည်မှုရှိထားလို့ပါ။

တပည့်တော်တို့အိမ်မှာ ထိုင်ဆွမ်းခံကြွနေတဲ့ စာသင်သားတွေ (၅)ပါးလောက်ရှိပါတယ်။ နေ့တိုင်းလည်း ဆွမ်းလောင်းပါတယ်လို့ ပြောပါလိမ့်မယ်။ ဒါဆိုရင် ကျွန်ုပ် သင့်ကို ဥယျာဉ်မှူးတစ်ယောက်လို့ နာမည်ပေးလိုက်ပါရစေတော့။

ထပ်မံအကြံပြုလိုတာကတော့ အဲ့ဒီစာသင်သားလေးတွေကို စာအုပ်စာတန်းနဲ့ ၀တ္ထုကြေးငွေနဲ့ သင်တတ်နိုင်သလောက်ထောက်ပံ့ပါလို့ အကြံပြုပါရစေ။ ခေတ်ကာလရဲ့ ပြောင်းလဲလာတဲ့ အခြေအနေအရ စာသင်သားတစ်ပါးဟာ ၀တ္ထုကြေးငွေထောက်ပံ့မည့်သူမရှိဘဲနဲ့ စာပေတတ်ကျွမ်းတဲ့ ဆရာတော်တစ်ပါး ဖြစ်လာဖို့တကယ်မလွယ်ပါဘူး။

မည်သည့်ပညာရေးမဆို ၀တ္ထုငွေ အထိုက်အလျောက်မပါဘဲနဲ့တော့ ကျကျနန ပီပီပြင်ပြင် တတ်ကျွမ်းဖို့ အတော်လေးခက်ခဲပါလိမ့်မယ်။ စာသင်သားတွေရဲ့ အနေအထိုင်တွေ အကျင့်သိက္ခာတွေဟာ အားနည်းမှုရှိပါတယ်ဘုရား၊ ဆရာတော်ကြီးတွေ လှူရသလောက်အားမရဘူး လို့ သင်ကပြောချင်ဟြေပါလိမ့်မယ်။ ဟုတ်ပါတယ်။ ဒါပေမယ့် အရွယ်ရောက်သွားပြီး ပြည့်စုံနေတဲ့ သစ်ပင်ကြီးတစ်ပင်နဲ့ ခုမှရှင်သန်ဖို့ အားယူခါစ သစ်ပင်လေးတစ်ပင်ကို ဘယ်လိုမှ မနှိုင်းယှဉ်ထိုက်ဘူးလို့ ကျွန်ုပ်ပြောပါရစေ ၊ သင်ကိုယ်တိုင်လည်း ဥယျာဉ်မှူးဆိုတဲ့ဘ၀ကို ကျေနပ်စွာခံယူထားပြီဆိုရင်တော့ ဒီသစ်ပင်ငယ်လေးတွေကို ဘယ်လိုရှင်သန်အောင် ငါပြုစုပျိုးထောင်ပေးရမလဲ ဒါပဲစဉ်းစားနေမှာပါ။

ခုလက်ရှိကျွန်ုပ်တို့ကို အရိပ်အာဝါသပေးနေတဲ့ သစ်ပင်ကြီးတွေဟာ တစ်ချိန်က အညတြ မဖွံ့ဖြိုးမစည်ပင်သေးတဲ့ သစ်ပင်လေးတွေဆိုတာ သင်လက်ခံမှာပါ။ ရှေးရှေးက ကျွန်ုပ်တို့ရဲ့ ဘိုး၊ ဘေး၊ ဘီ၊ ဘင် တွေဟာဥယျာဉ်မှူးနေရာမှာ နေပြီးတော့ စိုက်ပျိုးပြုစု ပျိုးထောင်ခဲ့လို့ ခုကျွန်ုပ်တို့ သုံးဆောင်ခံစားနိုင်ကြတာပါ။

ပစ္စုပ္ပန်လူသား ဖြစ်နေတဲ့ ကျွန်ုပ်တို့တွေဟာ သာသနာ့ဥယျာဉ်ကြီးထဲက သစ်ပင်ကြီးတွေရဲ့အောက်မှာ အရိပ်ခို၍ ဓမ္မအသီးများကို သုံးဆောင်ယုံသာ သုံးဆောင်ပြီး ဒီသစ်ပင်ကြီးတွေရဲ့ နေရာမှာ အစားထိုးဝင်ရောက်လာမယ့် အရွယ်မရောက်သေးတဲ့ သစ်ပင်ငယ်တွေကို ရေမလောင်းဘူး၊ မပြုစုမပျိုးထောင်ဘူး၊ ဥပေက္ခာပြုထားမယ်ဆိုရင်တော့ နောင်တစ်ချိန် ကျွန်ုပ်တို့ရဲ့ မျိုးဆက်သစ်တွေဟာ ကျွန်ုပ်တို့လို ဓမ္မအပွင့်၊ အသီးအခက်တွေကို သုံးဆောင်ခံစားခွင့် ရမှာမဟုတ်တော့ပါဘူး။

ဒါကြောင့် ကျွန်ုပ်သင့်ကို မေးပါရစေ၊ သင်“ဥယျာဉ်မှူးလား၊၀ယ်သူလား” သင်ကြိုက်တဲ့ အခန်းကဏ္ဍမှာ ပါဝင်လို့ရပါတယ်။

ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီး ဆက်လက်ပြီး နှစ်ပေါင်းများစွာ တည့်တံ့ပါစေ။

ကောင်းဆုဝေ နည်းပြ{အပြည်ပြည်ဆိုင်ရာဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်}
ဥယျာဉ်မှူးကောင်းများဖြစ်ကြပါစေ..............

No comments: