ဒီပုံလေးနဲ့စာသားကို အင်တာနက်မှာတွေ့ပြီးတာနဲ့ ဆရာကြီး ဒဂုန်တာရာရဲ့
မိခင်ရုပ်တု ကဗျာလေးကို တိုက်တိုက်ဆိုင်ဆိုင် ဖတ်မိသွားပါတယ်။ ဆရာကြီး ဒဂုန်တာရာရဲ့ ကဗျာလေးကို အစအဆုံးဖော်ပြပေးလိုက်ပါတယ်။
ကမ္ဘာ့လူသား
ပေါ်စကပင်၊ ဖိုနှင့်မ ဟု
သဘာဝများ၊ ခြားနားတည်ရှိ
ပကတိသဏ္ဌာန်၊ ကွဲပြားဟန်ကြောင့်
ဖန်တီးမှုချင်း မတူကြ။
မိန်းမတို့က
သားအိမ်ပိုင်သ၊ ထူးခြားပေစွ
ယင်းသဘာဝကြောင့်၊ မိခင်ကဏ္ဍ
သတ္တဗီဇ၊ ဇီဝကမ္မ
ဘ၀ပန်းများ၊ ပွင့်စေသူ။
ချစ်ကြရာမှ၊ မေတ္တာဝတ်မှုန်
မွှေးထုံလေကြော၊ မျောပါလွင့်ပျံ
ဝန်ဆံမျိုးစေ့မှ၊ ဖိုဓာတ် မဓာတ်
ရောစပ်တွေ့ဆုံ၊ စုံမြိုင်ဂန္ဓမာ
နွေချိန်ခါဝယ်၊ သွေးအိမ်သွေးစု
နုရာမှရင့်၊ အဆင့်ဆင့်ထပ်
ကလာပ်စည်းများ၊ တိုးပွားဖြိုးဝေ
ကုဋေကုဋာ၊ ပြည့်တင်းလာသော်
မေတ္တာပန်းပွင့်ရတနာများ။
မိခင်သည်ကား
လူသားပုံတု၊ ဖန်တီးပြုသော
ပန်းပုဆရာ၊ မည်ထိုက်စွာတည့်။
မိခင်သည်ကား
ဆေးသားကောက်ကြောင်း၊ ပုံရာလောင်းသည်
ပန်းချီဆရာ၊ မည်ထိုက်စွာတည့်။
မိခင်သည်ကား
စိတ်ထားမြင့်မြတ်၊ သွန်သင်လတ်သော
စိတ်ဓာတ်အင်ဂျင်နီယာ၊ မည်ထိုက်စွာတည့်။
မိခင်သည်ကား
အင်အားသန်စွမ်း၊ ကျန်းမာနို့ကျွေး
သမားဆေးဆရာ၊ မည်ထိုက်စွာတည့်။
ဤမျှကြီးမား၊ တာဝန်များကို
မအားမလပ်၊ ထမ်းဆောင်အပ်သော
ကြီးမြတ်ဝိသေသ၊ စိုးရအရှင်
ဤမိခင်အား၊ ငါလျှင်ကော်ရော်ပါ၏။
ဒဂုန်တာရာ
No comments:
Post a Comment