အလေးအမြတ်ပြုရမည့်အရပ် ၆-မျက်နှာ
အရှေ့ မိဘ ၊တောင်မှ ဆရာ၊ နောက်မှာ မယား၊
မြောက်ကား မိတ်ဆွေ၊ အောက်ခြေကျွန်မှတ်၊ ထက်ရပ်
သံဃာ၊ မှတ်သားပါ ၊ခြောက်ဖြာ တံခါးပေါက်။
သားသမီးကျင့်ဝတ် ၅-ပါး
ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊
လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊ ကျင့်ဖွယ်
သားတို့တာ(ကျင့်ဖွယ်သမီးတို့တာ)။
မိဘကျင့်ဝတ် ၅-ပါး
မကောင်း မြစ်ထာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊
ပေးဝေနှီးရင်း၊ထိမ်းမြားခြင်းလျှင်၊၀တ်ငါးအင်၊ ဖခင်မယ်တို့တာ။
(မြစ်ထာ=မကောင်းမှုကိုသွန်သင်ဆုံးမသည်)
တပည့်ကျင့်ဝတ် ၅-ပါး
ညီညာထကြွ ၊ ဆုံးမ နာယူ၊ လာမြူ ကိုဆီး၊
ထံနီး လုပ်ကျွေး၊သင်တွေး အံရွတ်၊ တပည့်ဝတ်၊
မချွတ်ငါးခုသာ။
ဆရာ့ကျင့်ဝတ် ၅-ပါး
အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊
ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့
ကျင့်ဖို့ဝတ်ငါးဖြာ။
လင့်ကျင့်ဝတ် ၅-ပါး
မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား၊
ဝတ်စားဆင်ယင်၊ မြတ်နိုးကြင်၊
ငါးအင်လင့်ကျင့်ရာ။
မယားကျင့်ဝတ်-၅ပါး
အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊
လျော်အောင်ဖြန့်ချီ၊ ပျင်းရိမမူ၊ ၀တ်ငါးဆူ၊
အိမ်သူကျင့်အပ်စွာ။
မိတ်ဆွေကျင့်ဝတ် ၅-ပါး
ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊ စီးပွားဆောင်ရွက်၊
နှုတ်မြွက်ချိုသာ၊ သစ္စာမှန်စေ၊ ၀တ်ငါးထွေ၊
ကျင့်လေမိတ်သဟာ။
အလုပ်ရှင် (အရှင်) ကျင့်ဝတ်-၅ပါး
ဝစွာကျွေးမွေး၊ ပြုရေးစီရင်၊ နာလျှင်ကုစေ၊
ငှဝေရသာ၊ အခါကိုလွှတ်၊ အရှင့်ဝတ်၊
မချွတ်ငါးခုသာ။
အလုပ်သမား (ကျွန်) ကျင့်ဝတ်-၅ပါး
အိပ်သော်နောက်ကျ၊ ထသော်ကားရှေး ပေးမှယူအပ်၊
စေ့စပ်ဆောင်ရွက်၊ ကျေးဇူးမြွက်၊ ငါးခုလုပ်သားဝတ်။
ဒါယကာကျင့်ဝတ် ၅-ပါး
မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ခင်၊ ခင်မင်နှုတ်ချို၊
လိုလျှင်ဖိတ်ထား၊ တတ်အားလှူစေ၊ ၀တ်ငါးထွေ၊
ပြုလေဒါယကာ။
ရဟန်းကျင့်ဝတ် ၅-ပါး
မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လစ် ၊ အသစ်ဟောကျူး
နာဖူးထပ်မံ၊ နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊ ရဟန်းမှု၊
ခြောက်ခုလွန်သေချာ။
No comments:
Post a Comment