လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းရွှင်လန်းချမ်းမြေ့ပါစေ....

ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...

ကံ မြောက်ခြင်း မမြောက်ခြင်းနှင့် ကံ ပြတ်ခြင်း


ကံ၊ ကံ၏အကျိုးနှင့် ပတ်သက်၍ ဆွေးနွေးကြ သုံးသပ်ကြပြီးသည့်နောက် ကံမြောက်၏ မမြောက်၏ဆိုသည်ကို သိဖို့ရန် လိုအပ် လာပြန်သည်။ ကုသိုလ်ပဲဖြစ်စေ အကုသိုလ်ပဲဖြစ်စေ လုပ်တိုင်း လုပ်တိုင်း အောက်ပါအချက် ၃ ချက် နဲ့ တိုင်းတာ ကြည့်သင့်သည်-
၁) စေ့ဆော်မှု စေတနာပါ မပါ။ တနည်းဆိုလျှင် အထမြောက်စေလိုသော ရည်ရွယ်ချက် ရှိခြင်း မရှိခြင်း။
စေတနာ ထက်သန်ခြင်း၊ မထက်သန်ခြင်း။

၂) ကံကံ၏အကျိုးကို ယုံကြည်တဲ့ ဉာဏ် ယှဉ် မယှဉ်။
၃) သီလသမာဓိပညာ ဘုန်းကံကြီးတဲ့သူကို ရည်စူးမိခြင်း ရှိ မရှိ။

ဤ ၃ ချက် အားကောင်းမှု မကောင်းမှုအပေါ်မူတည်၍ ကံ အကျိုးပေး အနည်းအများ ကွာပါသည်။ တစ်ခုတည်းကို ရွှေးထုတ်ပြရလျှင် စေတနာသည်သာ အခရာကျနေပါသည်။ သိလျက်ပြုခြင်း မသိ၍ပြုခြင်းအပိုင်းတွင် ဒိဌိနဲ့ ယှဉ်လျက် အကောင်းအဆိုးမသိခြင်းနှင့် ဒိဌိကင်းသော်လည်း မရည်ရွယ်ပဲ မသိ၍လုပ်မိခြင်းတို့ရှိသည်။ ဒိဌိမကွာသေးသူမှာ အမှားကို အမှန်ထင်ပြီးလုပ်သောကြောင့် လုပ်မိသမျှ စိတ်အားထက်ထက်သန်သန် လုပ်မိသောကြောင့် အပြစ်ပို ဖြစ်နေတတ်သည်။ ဒိဌိကင်းသောသူများမှာ မလုပ်ခင်မှာပင် အမှားအမှန်ဆန်းစစ်လေ့ရှိသဖြင့် အမှားမှန်းသိသိဖြင့် ရည်ရွယ်ချက်ရှိရှိ ဘယ်သောအခါမျှ မလုပ်ကြပါ။
တခါတရံ အပြစ်သင့်နိုင်သော ကိစ္စတွေ လုပ်မိတဲ့အခါ အပြစ်မဖြစ်ဘူးလားမေးလျှင် ဖြစ်စေလိုတဲ့ စေတနာ မပါလို့ ကံမမြောက်ပါဟု ယုံကြည်ပါသည်။
ကြောင့်ကြမစိုက်ပဲ မရည်ရွယ်ပဲ လုပ်မိသည့်အလုပ်များကို ဥပမာပြရလျှင် လမ်းသွားရင်း ပိုးကောင်းလေးများ၊ ပုရွက်ဆိတ်လေးများ တက်နင်းသည့် ကိစ္စမျိုးကို ဆိုလိုပါသည်။ တက်နင်းရင် သေမည်ကိုသိသည်။ သေလည်း မတတ်နိုင်၊ တက်နင်းမည်ဆိုလျှင် သေစေလိုသော စေတနာပါ ပါသည်။ ကံမြောက်ပါသည်။ မမြင်မိပဲ တက်နင်းမိသည်။ သေစေလိုသော စေတနာမပါ၍ ကံမမြောက်ပါ။ မျက်စိကောင်းလျက် ကြည့်လျှင် မြင်နိုင်ပါလျက် “ ငါတော့ မကြည့်ပဲလျောက်ပြီ။ ရှေ့ကဖြတ်မလာနဲ့။ တက်နင်းမိရင် မတော်တဆပဲ” ဟူ၍ လျှောက်သော် မရည်ရွယ်သော်လည်း သေစေလိုတဲ့ စေတနာ မကင်းပါ။ တဖန် အကုသိုလ်ဖြစ်မည်ဆိုး၍ တကူးတကအောက်ကြည့်ပြီး တလှမ်းချင်းသွားနေလျှင်လည်း ခရီးကမတွင်ချေ။ ထိုသို့ အစွန်းမရောက်ပဲ အမှုမဲ့ အမှတ်မဲ့လည်း မသွား။ တွေ့မိရင် တက်မနင်းမိအောင် ရှောင်မည်ဆိုသူများတွင် သေစေလိုသော ဆန္ဒ နဂိုကတည်းက မပါပါ။ အကယ်၍ နင်းမိလျှင်လည်း သေစေလိုတဲ့ ရည်ရွယ်ချက်ဖြင့် တက်နင်းနေခြင်းမဟုတ်သဖြင့် စေတနာ မပါသောကြောင့် ကံမမြောက်ပါ။ ထိုအတူ ကားမောင်းနေရင်း ခွေးက လမ်းပေါ်ဖြတ်လာခြင်းမျိုးတွင် သေစေလိုတဲ့ဆန္ဒ မရှိသဖြင့် ကြိုးစားဘရိတ်အုပ်သော်လည်း မလွတ်ပဲ တိုက်မိ၍ ခွေးသေခဲ့လျှင် ပါနာတိပါတ မမြောက်ဘူးဟု နားလည်ပါသည်။ ဤနေရာမှာ ခွေးသေသောကိစ္စကို ဥပေက္ခာသဘော ထားရမည်။ သတ္တ၀ါမှန်သမျှ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိသည် မဟုတ်ပါလား။ ထိုသို့မဟုတ်ပဲ “တော်တော်ဆိုးတဲ့ခွေး အတင်းဖြတ်တယ်၊ သေတာပဲအေးတယ်” ဆိုလျှင်ဖြင့် ပုဗ္ဗ္ပနဲ့ မုဉ္စ မှာ မမြောက်ပဲ အပရစေတနာက ကံမြောက်နေမည်။
အချို့ကိစ္စများကျတော့ တကူးတက ရည်ရွယ်ပြီး အားစိုက်မလုပ်လျှင် အထမမြောက်သော ကိစ္စရပ်များရှိပါသည်။ ထို ကိစ္စတွေများတွင် စေ့ဆော်မှု စေတနာပါမှ အထမြောက်ပါသည်။ ဥပမာ…အရက်မူးနေစဉ် တဖက်လူအပေါ် ခြေလွန်လက်လွန် လုပ်မိသော လူအချို့သည် အမူးပြေသော်အခါ “ကျွှန်တော် ဘာလုပ်လိုက်မှန်းမသိဘူး၊ အရက်သောက်ထားတော့ သွေးဆူပြီး လုပ်လိုက်မိတာပါ၊ စိတ်မကောင်းပါဘူး၊ ဖြစ်စေလိုတဲ့ စေတနာ မပါပါဘူး” ဟုပြောလည်း ကံကဖြင့် ပြီးမြောက်သွားပါပြီ။ ဖြစ်နေတဲ့အချိန်တွင် ကျုးလွန်းသည့် ကာယကံအမှုသည် ဒေါသစိတ်နဲ့အတူ စေတနာစေတသိတ်မပါပဲ မပြီးပါ။ မိမိကိုယ်မိမိသာ လှည့်စားလို့ရမည်။ ကမ္မနိယာမဟူသော သဘာဝတရားက ခွင့်လွတ်မည် မဟုတ်။ အရိပ်လို လိုက်မည် မုချဖြစ်ပါသည်။ စေတနာအနည်း အများလိုက်လို့ ကံအကျိုးပေး အနည်းအများသာ ကွာနိုင်ပါသည်။
ကာမသုကိစ္စမျိုးတွင် ပိုးကောင်းလေးတွေ တက်နင်းသလို အမှတ်တမဲ့ မတော်တဆ ကာမဆက်ဆံမှုဟု ပြောမရတော့ပါ။ ထိုကိစ္စမျိုးသည် အားထုတ်မှု မပါပဲ ဖြစ်သည့်ကိစ္စ မဟုတ်ပါ။ မပြုခင် ပြုဆဲမှာပါ စေတနာဦးဆောင်သော ကံအမှု မဟုတ်ပါလား။ တဖက်က ကာမပိုင်ရှိဖြစ်နေသည်ကို ကိုယ်သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ကံမြောက်သွားပါပြီ။ ထို့ကြောင့် ကာမသု မိစ္ဆာစာရကံသည် နှစ်ဦး သဘောတူတူ မတူတူ ကံမပြုခင်၌ အကုသိုလ်ဖြစ်နိုင်သည် မဖြစ်နိုင်သည်ကို မိမိဘာသာ ဦးစွာ သိအောင်လုပ်သင့်ပါသည်။ ကာမပိုင်ရှိတာ သိသွားလျှင်ဖြင့် အကုသိုလ် ဖြစ်တော့မည်။ မသိလျှင် လွတ်သည်ဟု ယူဆထားသူများကို ကမ္မသတ္တိက အပြစ်မှ ကင်းလွတ်ခွင့် ပြုလိမ့်မည်မဟုတ်။
ခိုးခြင်းအမှုလည်း တူတူပင်။ ကံမပြုခင် ပြုဆဲ ပြုပြီး စေတနာ ဗျာပါရများသော အမှုကိစ္စဖြစ်ပါသည်။ ဘေးလူက ကိုယ်မသိအောင် ကိုယ့်အိတ်ထဲ လာထည့်လျှင်တော့ ယူလိုတဲ့ စေတနာမပါ၍ ခိုးခြင်း မမည်သော်လည်း ကိုယ်တိုင်သိသွားပြီး ဆက်လက်ခံထားရင် ခိုးခြင်းမြောက်ပါပြီ။ လမ်းပေါ်မှ ကောက်ရသော ပစ္စည်းဖြစ်လို့ ယူမိလျှင် ပိုင်ရှင် စွန့်ပစ်ထားသော ပစ္စည်း မဟုတ်ပါက ပိုင်ရှင် မပေးသော ပစ္စည်း ဖြစ်နေပါပြီ။ အချို့က “ရေအဆုံးကုန်းတ၀က်” ဟု ပြောလေ့ရှိသည်။ လိုချင်လို့ ပြောခြင်းသာ ဖြစ်လိမ့်မည်။ ဥပဒေရှုထောင့်က ကြည့်လျှင်ပင် တိုင်းပြည်၏ ရေပြင်မြေပြင်ဝေဟင်ရှိ ပိုင်ရှင် မရှိသော အရာအားလုံး နိုင်ငံပိုင် ပြည်သူပိုင် ပစ္စည်းဖြစ်သည်ဟု ဆိုထားပါသည်။ မိမိသဘောဖြင့် ယူမိလျှင် ခိုးမှုမြောက်ပါသည်။
သဘာဝတရား၏ နိယာမဖြစ်စဉ်များသည် လူညီလျှင် ဤကို ကျွှဲဖတ်ရကောင်းသောကိစ္စများ မဟုတ်ပါ။ မည်သူ့ကိုသာစေ မည်သူ့ကိုနာစေဆိုတာမျိုးလည်း မရှိပါ။ ဗုဒ္ဓဘာသာဝင်မို့လို့ အပြစ်နည်းလိမ့်မည်ဟုလည်း ကင်းလွတ်ခွင့် မရှိပါ။ ပရမတ်နယ်တွင် အများလက်ခံထားသော ပုဂ္ဂိုလ် သတ္တ၀ါရယ်လို့ မရှိပါ။ စိတ်စေတသိတ်ရုပ်ဆိုတဲ့ ပရမတ်တရားတွေ အကြောင်းစုံလို့ ပေါင်းစုံဖြစ်လာကြပြီး မမြဲတဲ့သဘောတရားကို မလွန်ဆန်နိုင်လို့ ပျက်စီးသွားကြတဲ့သဘောသာရှိသည် မဟုတ်ပါလား။ ဖြစ်ချင်သလို ဗရမ်းပတာ ဖြစ်နေခြင်းမျိုးလည်း မဟုတ်။ ဖြစ်စဉ်အားလုံးတို့ မည်သည့်အကြောင်းကြောင့် ဖြစ်သည်ကို တိတိကျကျ မိမိမသိလျှင်သာရှိမည်။ အကျိုးတရားတစ်ခုပေါ်လာတိုင်း တိကျတဲ့ အကြောင်းတရားများ ရှိနှင့်နေပါသည်။ အနတ္တသဘောနဲ့ သံသရာတစ်လျောက် စီးမျောနေသော ခန္ဓာ ၅ ပါး အစုအဝေးတို့သာ ရှိပါသည်။ ထိုခန္ဓာ ၅ ပါးတို့၏ စက္ကန့်မလတ် အသစ်အဟောင်း ပြောင်းလဲနေသောဖြစ်စဉ်ကို ချိတ်ဆက်ပေးနေသူမှာ ကမ္မသတ္တိ ဖြစ်ပါသည်။ ထိုကမ္မသတ္တိ မပြတ်ရှိနေသရွှေ့ ရုပ်နာမ်အသစ်တို့ မပြတ်ဖြစ်နေရပြန်သည်။ ပေါ်လာသမျှ ရုပ်နာမ်ကို အဟုတ်မှန်ခွစီးပြီး ကမ္မသတ္တိများဖြစ်အောင် လုပ်ကြံဖန်တီးနေသူကတော့ အ၀ိဇ္ဖာဟူသော မျက်လှည့်ဆရာဖြစ်ပါသည်။ သို့သော် အ၀ိဇ္ဖာသည် သူတစ်ဦးထဲ ထင်တိုင်းကြဲလို့ မရ။ အမှောင်ရှိလျှင် အလင်းရှိသလို အ၀ိဇ္ဖာ၏ပြိုင်ဘက် ပညာဆိုတာ ရှိလာပြန်သည်။ အ၀ိဇ္ဖာသည် သံသရာအတွင်းမှ မထွက်နိုင်အောင် ကံသတ္တိကို ဆက်ပေးသလို ပညာသည် သံသရာအပြင်ရောက်အောင် ကံသတ္တိကို ဖြတ်ပေးသည်။
ဖြတ်ပုံဖြတ်နည်းမှာ အစပထမတွင် အ၀ိဇ္ဖာနေရာတွင် ပညာအစားထိုးဖို့ ကြိုးစားရမည်။ အ၀ိဇ္ဖာဦးဆောင်ခွင့်ရလျှင် အမဲကံ၊ အဖြူကံ၊ အဖြူအမဲရောနေသောကံ ၃ မျိုးလုံး ဖြစ်စေသည်။ ပညာကဦးဆောင်လျှင် အဖြူကံများသာ ဖြစ်ခွင့်ရသည်။ အဖြူကံများမှ ပေါက်ဖွားလာသော အမျိုးမြတ်သော ရုပ်နာမ်များပေါက်ဖွားလာသည်။ ထိုရုပ်နာမ်မျိုးမှသာ အားကြီးသောပညာဖြစ်ခွင့်ရသည်။ ပေါ်လာသမျှ ရုပ်နာမ်တိုင်းကိုပညာဦးဆောင်ဖို့ရန် အ၀ိဇ္ဖာကို မောင်းထုတ်ဖို့ရန် ပညာအားကြီးဖို့လိုသည်။ သို့မှသာ အဖြူကံများ တဖြေဖြေတိုးလာမည်။ အမဲကံများနည်းနည်းလာမည်။ အ၀ိဇ္ဖာလည်းနေရာမရတော့။ တချိန်တွင် ပညာအထွတ်အထိပ် ရောက်သောအခါ အဖြူကံလည်းမဖြစ်၊ အမဲကံလည်းမဖြစ်တော့။ ထိုအဖြူအမဲကံများ မဖြစ်တော့ခြင်းသည် ကံပြတ်ခြင်းဖြစ်ပါသည်။ ရုပ်နာမ်အသစ်များ မဖြစ်ပေါ်တော့ချေ။ ဤသို့ ရုပ်နမ်အသစ်များ ဖြစ်ပေါ်ခွင့်မရသောကြောင့် အတိတ်ဘ၀ပေါင်းများစွာက ဖြူကံ၊ မဲကံ၊ ဖြူမဲရောကံများလည်း အပင်ပေါက်ခွင့်မရသော မျိုးစေ့များဘ၀ရောက်သွားရတော့သည်။ အဖြူကံဆိုသည်မှာ ကုသိုလ်ကံ နှင့် အမဲကံဆိုသည်မှာ အကုသိုလ်ကံတို့ ဖြစ်ကြသည်။
အနှစ်ချုပ်အားဖြင့် အဖြူကံ အမဲကံဆိုသည်ကို ပိုင်းခြားသိဖို့လိုပါသည်။ သိလျှင် အမဲကံ ဖြစ်ခွင့်မပြုအောင် ပညာဦးစီးရမည်။ အဖြူကံများကြောင့် မြင့်မြတ်သော ရုပ်နာမ်အသစ်များ ဖြစ်ခွင့်ရမည်။ တဖြေးဖြေးတိုး၍ အ၀ိဇ္ဖာနေရာတွင် ပညာအစားထိုးလာမည်။ အ၀ိဇ္ဖာတို့လုံးဝကင်းစင်ပြီး ပညာအထိဋ်အထိပ်ရောက်လာသောအခါ အဖြူအမဲကံများ မဖြစ်ပေါ်လာတော့ချေ။ ထိုအခြေအနေသို့ ရောက်ရှိလာလျှင် သက်ရှိလောက အပါအ၀င် လောက ၃ ပါး၌် မြင့်မြတ်သော ဘုန်းကံကြီးသော ဘ၀အခြေအနေတရပ်ကို ရောက်ရှိလာခြင်း ဖြစ်ပါသည်။ နောက်ဆုံး ရုပ်နာမ်ခန္ဓာဇာတ်သိမ်းပြီး ဤလောက ၃ ပါးသို့ ဘယ်သောအခါမှ ပြန်မလာသော နုတ်ဆက်ခြင်းဖြင့် အပြီးအပိုင် နုတ်ဆက်ထွက်ခွါသွားမည် ဖြစ်ပါသည်။
ချမ်းသာစစ်နဲ့ ပြည့်စုံကြပါစေ။
(မှတ်ချက်)
http://pyayzaw.phpnet.us မှမျှဝေတင်ပြလိုက်ပါသည်

No comments: