ဘာသာဝါဒတိုင်းတွင် ယုံကြည်မှု(မျက်စိမှိတ်ယုံကြည်မှု)ပေါ်တွင် အခြေခံကြပါသည်။ အခြားဘာသာဝင်တို့ နားလည်ကြသော သက်ဝင်မှု၊ ယုံကြည်မှု စသည်တို့သည် ဗုဒ္ဓ၀ါဒနှင့် ပတ်သက် ခြင်းကား မရှိပေ။ သို့သော် ဗုဒ္ဓ၀ါဒစာပေများတွင်တွေ့ရှိသော သဒ္ဓါဟူသော စကားလုံးကို အများအား ဖြင့် သက်ဝင်မှု၊ ယုံကြည်မှု ဟု ဘာသာပြန်လေ့ရှိသည်။ သို့ရာတွင် သဒ္ဓါ ဆိုသည်မှာ ယုံကြည်မှု မည်ကာမတ္တမဟုတ်၊ ကိုယ်တိုင် ကျေကျေနပ်နပ် ရှင်းရှင်းလင်းလင်း သိရှိနားလည်၍ ဖြစ်ပေါ်လာသော စိတ်ချယုံကြည်မှုမျိုးဖြစ်လေသည်။ ယုံကြည်မှုဆိုရာတွင် သိမြင်မှု(အပြည့်အစုံသိရှိနားလည်မှု) မရှိမှ ဖြစ်ပေါ်နိုင်သည်။ ရတနာသုံးပါးအပေါ်တွင် စိတ်ချယုံကြည်မှုမှ အမှန်တကယ်သိမြင်နားလည်မှုသို့ ကူးပြောင်း၍ သံသရာဝဲဂယက်မှ ရုန်းထွက်နိုင်ရမည်ဖြစ်သည်။ လက်ထဲတွင် ကျောက်မျက်ရွဲတစ်လုံးကို ဆုပ်ဝှက်ထားပါသည်ဟုဆိုလျှင် ကိုယ်တိုင်မမြင်ရ၍ ယုံကြည်ရသော ကိစ္စမျိုးဖြစ်သည်။ လက်ဝါးကို ဖြန့်၍ ကျောက်မျက်ရွဲကို ထုတ်ပြပါလျှင် မျက်စိဖြင့်ကိုယ်တိုင်မြင်ရပြီဖြစ်၍ အမှန်တကယ် သိမြင် နားလည်မှုဖြစ်ပေသည်။ ထို့ကြောင့်ပင် သဒ္ဓါယ တရတိ သြဃံ (အခက်အခဲမှန်သမျှကို ယုံကြည်ချက် ဖြင့် လွန်မြောက်၏) ဟူ၍ ဗုဒ္ဓမြတ်စွာ မိန့်ဆိုခဲ့ခြင်းဖြစ်ပါသည်။ သြဃဆိုရာ၌ အခက်အခဲမျှပင် မကဘဲ သြဃတည်းဟူသော ပကတိရေအယဉ်သည် သတ္တ၀ါများကို လွှမ်းမိုးနှစ်မြှုပ်နှိပ်စက် သတ် ဖြတ်တတ်သကဲ့သို့ လောဘ၊ ဒိဋ္ဌိနှင့် မောဟတရားတို့သည်လည်း သတ္တ၀ါများကို လွှမ်းမိုးနှစ်မြှုပ် နှိပ်စက်သတ်ဖြတ်တတ်သည်။ ၀ဋ်ဒုက္ခအပါယ်လေးပါးအထိ နစ်မြုပ်အောင် လွှမ်းမိုးသတ်ဖြတ် တတ်သည်။ ၄င်းသြဃလေးပါးကို ဖော်ပြပေးလိုက်ပါသည်။
၁။ ကာမောဃ = ၀တ္ထုအာရုံကာမဂုဏ်ကို တပ်မက်သောတဏှာ။
၂။ ဘဝေါဃ = ရူပါဈာန်၊ အရူပါဈာန်နှင့် ထိုဈာန်တို့၏ အကျိုးဝိပါတ်ကို နှစ်သက်တွယ်တာ သော တဏှာ။
၃။ ဒိဋ္ဌောဃ = အယူလွဲမှု မိစ္ဆာဒိဋ္ဌိ။
၎။ အ၀ိဇ္ဇောဃ = အာရုံ၏ သဘောအမှန်ကို မသိမှုမောဟ။ ထိုသြဃလေးပါးတို့ကို သဒ္ဓါ တရားဖြင့်ကျော်လွန်နိုင်၏ဟု ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့ခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် စိမ်ရည်အိုး ထဲ၌ ကြာမြင့်စွာ စိမ်ထားသော စိမ်ရည် အရက်ကဲ့သို့ အနမတဂ္ဂသံသရာဝယ် သတ္တ၀ါတို့၏ ခန္ဓာအစဉ် တည်းဟူသော စိမ်ရည်အိုး၌ စိမ်ထားသည်ဖြစ်၍ တွေဝေယစ်မူးစေတတ်သော အာသဝေါတရား လေးပါးကိုလည်းကောင်း၊ အစေးနှင့်ကပ်၍ ယှဉ်စပ်ထားသကဲ့သို့ သတ္တ၀ါများကို ၀ဋ်ဆင်းရဲ၌ ယှဉ်စပ်ပေးသော ယောဂလေးပါးကိုလည်းကောင်း သဒ္ဓါတရားဟုဆိုအပ်သော ရတနာသုံးပါးနှင့် ကံကံ၏အကျိုးကို ယုံကြည်မှုသည် ကျော်ဖြတ်နိုင်မည်ဖြစ်သည်။
အေဒီ ၄ရာစုနှစ်ဆီက ထင်ရှားခဲ့သော ဗုဒ္ဓအဘိဓမ္မာဆရာကြီး အသင်္ဂ၏ အလိုအရ သဒ္ဓါတွင် အောက်ပါလက္ခဏာသုံးမျိုးရှိသည်ဟုမှတ်သားရပါသည်။
၁။ အကြောင်းအရာတစ်ခုသည် အဟုတ်အမှန်ရှိသည် ဖြစ်သည်ဟု ပြည့်စုံခိုင်ခံ့စွာ သိရှိနား လည်ခြင်း၊
၂။ ကောင်းသောအရည်အချင်းများတွင် ပီတိရှိခြင်း၊
၃။ ရည်မှန်းချက်ကို အောင်မြင်ရရှိလိုသော ဆန္ဒ။
ဗုဒ္ဓရှင်တော်မြတ်သည် လူသားစင်စစ်ဧကန်ပင်ဖြစ်၍ သစ္စာလေးပါးမြတ်တရားကို ကိုယ်တော်တိုင် သယမ္ဘူဉာဏ်ဖြင့် သိမြင်တော်မူခဲ့သည်ဆိုသော အကြောင်းတရားသည် အဟုတ် အမှန်ရှိသည်ကိုလည်း သိရှိသည်။ တရားတော်များသည်ပင်လျှင် ဧဟိပဿိက လာပါရှုပါ ကျင့်ကြံပါဟု တိုက်တွန်းခြင်းငှာ လည်း ပြည့်စုံသည်မှာ အမှန်ဖြစ်သည်ကိုလည်းသိရှိသည်။ သံဃာတော်အရှင်မြတ် တို့သည်လည်း ဘုရားရှင်၏ သာသနာတော်ကို စောင့်ရှောက်လျက် ၀ိနည်း သိက္ခာတို့ကို ကောင်းစွာကျင့်တော်မူသောဂုဏ် သုပ္ပဋိပန္န အစရှိသည့် ဂုဏ်တော်များနှင့်လည်း ပြည့်စုံသည်မှာလည်း အမှန်ဖြစ်ပေသည်ကိုလည်းသိရှိသည်။ မနုဿလူသားများအတွင်းမှ ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူထား၍ ကောင်းသောအရည်အချင်းများတွင် ၀မ်းမြောက်ဖွယ်လည်းဖြစ်သည်။ ဗုဒ္ဓ၏ ဆုံးမနည်းများကို လိုက်နာကျင့်သုံး၍ သံသရာမှလွတ်မြောက်လိုသော ရည်မှန်းချက်ကို အောင်မြင်အောင် ကျင့်ကြံကြိုးစားလိုသော ဆန္ဒသည်လည်း ရှိမှသာလျှင် သဒ္ဓါတရားနှင့် ပြည့်စုံသည်ဟုဆိုခြင်းငှာ ထိုက်သည်ဟု ဆိုရပေမည်။ ဤကား ကျွန်တော်၏ သေးငယ်သောဉာဏ်ဖြင့် သဒ္ဓါတရား၏ လက္ခဏာကို အဓိပ္ပါယ်ဖွင့်ဆိုခြင်းဖြစ်သည်။ အဘိဓမ္မာဆရာကြီး၏ အလိုကား စာဖတ်သူ၏ ဉာဏ်ဖြင့် အကျယ်ချဲ့ပါလေ။
စကြာဝတေးမင်း၏ ပတ္တမြားရတနာသည် နောက်ကျိနေသောရေမှ အနည်များကို ထိုင်စေကာ ရေကိုကြည်လင်စေသကဲ့သို့ သဒ္ဓါသည် ကိလေသာ အညစ်အကြေးများကို အနည်ထိုင်စေပြီး စိတ်စေတသိက်တို့ကို ကြည်လင်စေသည်။ သတ္တ၀ါတို့၏ စိတ်သည် ကိလေသာအမှိုက်သရိုက် အညစ်အကြေးများဖြင့် ရောပြွမ်းဖုံးပိတ်လျက်ရှိရာ သဒ္ဓါတည်းဟူသော ပတ္တပြားဖြင့် ကြည်လင်သန့်ရှင်းအောင် ဆောင်ရွက်ရမည်ဖြစ်သည်။ သဒ္ဓါတရားသည် ဤမျှလောက်ခရီးရောက် သည်ကို မမေ့သင့်ပေ။ သဒ္ဓါတရားသည် မောဟ၊ ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာတို့ကို ဖယ်ရှားပြီး ဘုရား၊ တရား၊ သံဃာ၌ ယုံကြည်မှုကိုဖြစ်ပေါ်စေပါသည်။ အကုသိုလ်အမှုများ၌ မောဟဦးဆောင်၍ ဖျက်စီးတတ် သကဲ့သို့ ကုသိုလ်ရေးတွင် သဒ္ဓါဦးဆောင်၍ကိလေသာတရားတို့ကို ဆန့်ကျင်တိုက်ခိုက်ရမည်။ ထိုသို့တိုက်ခိုက်ရာတွင် အလောဘနှင့် အမောဟတို့ပါဝင်ပါမှ ပို၍ပြည့်စုံပေမည်။ သဒ္ဓါမရှိသူသည် ဗုဒ္ဓသာသနာတော်နှင့် ကြုံကြိုက်နေပါသော်လည်း ကုသိုလ်ပြုခွင့်မရချေ။ လက်မရှိသောသူသည် ရွှေတောင်ပေါ် ရောက်နေသော်လည်း ရွှေတုံးများကို မကောက်ယူနိုင်သကဲ့သို့ပင်ဖြစ်သည်။ ထို့ကြောင့် ဤလောကမှာ လူ့ဥစ္စာ၊ သဒ္ဓါအမြတ်ဆုံးတည်း ဟု ဗုဒ္ဓမိန့်ကြားတော်မူခဲ့ပါသည်။ သူတော်ကောင်းဥစ္စာ (၇)ဖြာတွင်လည်း သဒ္ဓါတရားသည် အခြေခံကျဆုံးအဖြစ်ပါဝင်သည်။ ပစ္စည်းဥစ္စာမွဲလျှင် လူဆင်းရဲမခေါ်၊ သူတော်ကောင်း ဥစ္စာမရှိသောသူကိုသာလျှင် တရားများ ခေါင်းပါးသူ ကံမွဲ၊ ဉာဏ်မွဲ လူဆင်းရဲဟုခေါ်ဆိုသည်။
သို့ဖြစ်၍ ဓမ္မမိတ်ဆွေတို့သည် မိမိ၌ သဒ္ဓါတရား ပြည့်စုံပြီလားဟူသော မေးခွန်းကို ကိုယ်တိုင် မေး၍ ကိုယ်တိုင်ဖြေကြည့်စေချင်သည်။ သံဃာတော်အရှင်သူမြတ်များကို ဆွမ်းလောင်းရုံမျှ၊ တရားတော်များနာကြားရုံမျှ၊ အလှူခံပုဂ္ဂိုလ်များထိုထိုအား လှူတန်းရုံမျှဖြင့် မိမိသဏ္ဍာန်တွင် သဒ္ဓါတရားပြည့်စုံပြီးလား၊ ခိုင်မြဲပြီးလားဆိုတာ စဉ်းစားရပေမည်။ ထို့ပြင် နတ်ကိုးကွယ်မှုလိုက်စားခြင်း၊ ဗေဒင်၊ နက္ခတ်၊ စုန်း၊ ကဝေ၊ တစ္ဆေ၊ ပယောဂ၊ အင်း၊ အိုင်၊ ခါးလှည့်၊ လက်ဖွဲ့ ၊ မန္တာန် အစရှိသော မဟာယာန၀ါဒများ၊ တန္တရယာန၀ါဒများ၊ မန္တရယာန၀ါဒများကို လေ့လာလိုက်စားခြင်း၊ ကိုးကွယ် ယုံကြည်ခြင်းသည်လည်း ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေဖြင့် မိမိစိတ်သဏ္ဍာန်တွင် သဒ္ဓါတရားမည်မျှရှိနေပြီ၊ မည်မျှပြည့်စုံနေပြီဆိုတာ စဉ်းစားကြည့်စေချင်သည်။ အသိတရားကင်းမဲ့စွာ ပြုလုပ်ခြင်းသည် မိမိကိုယ်မိမိ သဒ္ဓါတရားကင်းမဲ့၍ နိဝေရဏတရားများ အထပ်ထပ်အခါခါ ပိတ်ဖုံးနေမည်ဆိုတာ ပြန်လည်စဉ်ခြင်ရမည်ဖြစ်သည်။ သဒ္ဓါတရားကို ပြည့်စုံခိုင်မြဲအောင် တည်ဆောက်ရမည်ဖြစ်သည်။ ပိုပိုမြဲမြံအောင် ဆောင်ရွက်ရမည်ဖြစ်သည်။ ဤသည်ပင်လျှင် သာသနာ ကို စောင့်ရှောက်ခြင်းမည်ပါသည်။
သမထ၀ိပဿနာပွားများရာ၌ သဒ္ဓါစရိုက်ရှိသူသည် ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာ နုဿတိ၊ သီလာနုဿတိ၊ စာဂါနုဿတိ၊ ဒေ၀တာနုဿတိ ဟူသော ကမ္မဋ္ဌာန်း ၆ပါးနှင့်သင့်လျော်၏။ ပင်ကိုကကောင်းနေသော သဒ္ဓါတရားသည် ဘုရားတရားသံဃာအာရုံများနှင့် ကြုံတွေ့လျှင်ပို၍ ဖွံ့ဖြိုးတိုးတက်လာဖွယ်ရှိသည်။ ထို့ကြောင့်အကျိုးများခြင်းဖြစ်သည်။
အချုပ်အားဖြင့်ဆိုသော် ဗုဒ္ဓဘာသာဝင်တိုင်း၌ ပင်ကိုဓာတ်ခံ သဒ္ဓါတရားသည် ကောင်း ကြပါသည်။ သို့သော် ခိုင်မြဲခြင်းကားမရှိပေ။ မြဲမြံမှုကား စိတ်သုဉ်းလျက်ရှိပေသည်။ ဤသည်ပင်လျှင် ဆန့်ကျက်ဝါဒတို့၏ ထိုးနှက်မှုကို ခံရခြင်းအကြောင်းဖြစ်လာသည်။ ကာမဂုဏ်တပ်မက်၍လည်းကောင်း၊ ဘေးအန္တရာယ်ကို ကြောက်ရွံ့၍လည်းကောင်း၊ သဒ္ဓတရား ညှိုးမှိန်ရသည်။ ကင်းမဲ့ရသည်။ ဤစာကို ဖတ်ရှုမိသည်မှစ၍ ဗုဒ္ဓဘာသာလူငယ်အပေါင်းတို့သည် သဒ္ဓါတရား ပြည့်စုံခိုင်မြဲ၍ ဗုဒ္ဓအလိုကျ သံသရာဝဲဂယက်မှ ရုန်းထွက်ရန် ကြိုးစားသူများဖြစ်ကြပါစေ။ ကြိုးစားသည့်အတိုင်းလည်း ထာဝရငြိမ်းအေးမှုကို ရရှိကြပါစေ။ ဤမှန်သောစကားကြောင့် သတ္တ၀ါအပေါင်းသည်လည်း ချမ်းသာ ကိုယ်စိတ် မြဲကြပါစေ။
(မှတ်ချက်)http://www.dhammaweb.net/notes/view.php?id=40မှမျှဝေတင်ပြလိုက်ပါသည်

No comments:
Post a Comment