လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းရွှင်လန်းချမ်းမြေ့ပါစေ....

ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...

ကံများကောင်းပြီဆိုရင် နှမ်းကိုလှော်ပြီး စိုက်တာတောင် အပင်ပေါက်သတဲ့

*ကံများကောင်းပြီဆိုရင် နှမ်းကိုလှော်ပြီး စိုက်တာတောင် အပင်ပေါက်သတဲ့*

အထက်ပါပုံဝတ္ထုလေးကို အကျွန်ုပ်ငယ်ငယ်က အဖွားပြောပြခဲ့ခြင်းဖြစ်၏
ဖြစ်ပုံလေးကဒီလိုပါ-
တခါက အလွန်အင်မတန် ကံကောင်းလှတဲ့ လယ်သမားကြီးတစ်ဦးရှိပါသတဲ့ ၊ ဘယ်လောက်ထိအောင်ကံကောင်းသလဲဆိုရင် မိုးခေါင်ရေရှားလို့ အခြားတောင်သူတွေ ကောက်ပဲသီးနှံတွေပျက်စီးခဲ့ရင်တောင် သူ့အခင်းကနေ တစ်ပင်တစ်လေမှ အလေအလွင့်မရှိပဲ အထွက်ကောင်းလှသတဲ့ ၊ စပါးရိတ်ခါနီးမှ မိုးကြီးတဲ့အခါတွေမှာဆိုလည်း သူ့လည်ကွက်မြေနေရာတွေကျတော့ မိုးမရွာပဲ ကွက်ကာကျန်နေသတဲ့လေ၊ အဲမိုးခေါင်ရေရှာတဲ့ အခါတွေမှာကျရင် သူ့လယ်တောတစ်ဝိုက်ကျမှ မိုးကကွက်ပြီးရွာချပေးပြန်ပါသတဲ့ ရာသီဥတုသဘာဝဆိုပေမယ့် ၊သဘာဝကလည်း တိုက်တိုက်ဆိုင်လွန်းလို့ပင် ဆိုရပေတော့မည်။ သူ့လယ်တစ်ဝိုက်ဆိုလို့ အခြားအခင်းတွေလည်း သူ့လိုပဲ အထွက်တိုးမှာပါလို့လည်းမထင်လိုက်နဲ့ဦး မိုးလေညီမျှလို့ စပါးမှည့်ချိန်ရောက်ကာမှ အခြားဘေးအခင်းတွေမှာက မအောင်ပဲ အလေအလွင့်ကများနေသတဲ့ ။ ဒီတော့အခြားလယ်သမားတစ်တွေက သူ့ကိုမှတ်ချက်ချရတော့တာပေါ 
“အာဂ ကံထူးရှင်ပဲဟေ့ သူ့လယ်ကွက်ထဲ မျိုးစေ့မကြဲလိုက်နဲ့ မပေါက်တဲ့အပင်ကိုမရှိဘူး။ မင်းနှယ် အဲဒီကောင့်လယ်က နှမ်း လှော်စိုက်ရင်တောင် အပင်ပေါက်လောက်တယ်” 
ဒါနဲ့ လယ်သမားကြီးလည်း သူ့ကံသူပင် အံ့သြလွန်းတာကြောင့် ရူးနှမ်းတယ်ပဲ ဆိုဆို ကံကြမ္မာကိုစမ်းသတ်တဲ့အနေနဲ့ နှမ်းကိုလှောက်စိုက်ကြည့်ဖို့ဆုံးဖြတ်လိုက်သတဲ့ ။
“ဟဲ့သမီး နှမ်းတတင်းလောက်လှော်ပေစမ်း 
“အို နှမ်းတတင်းကြီးများတောင် ဘာလုပ်ဖို့လဲအဖေရယ် ၊နောက်ပြီး အ၀ယ်ဒိုင်ကိုအကုန်သွင်းလိုက်လို့ စိုက်ဖို့မျိုးပဲကျန်တော့တာမလား အဖေရဲ့”
“အဖေက အဲဒီမျိုးချန်ထားတဲ့ နှမ်းတစ်တင်းကိုပဲအလှော်ခိုင်းတာသမီးရဲ့ ၊ အရပ်ထဲကလူတွေက အဖေ့ကိုဖိုးကံကောင်းတဲ့ နှမ်းတောင်လှော်စိုက်ရင် အပင်ပေါက်မယ်လို့ပြောနေကြလို့ အဖေလည်း ဟုတ်မဟုတ်စမ်းကြည့်ချင်လို့ပေါ့ ”
“အဖေရယ် အဟုတ်ကဟုတ်က ၊တော်ကြာမှမျိုးပါဆုံးလို့ သူများတွေလယ်ကထွက်တဲ့နှမ်းကို အငှါးလိုက်ပုတ်ပေးနေရပါဦးမယ်”
“ကဲပါ သမီးရယ် လှော်မှာသာလှော်ထားလိုက်ပါ နှမ်းကြဲချိန်ကျ အရံသင့်ဖြစ်ဖို့လှော်ထား”
သမီးကြီးလည်း ဖခင်ဆန္ဒကိုမလွန်ဆန်နိုင်သောကြောင့်သာ နှမ်းမျိုးတွေလှော်ပေးလိုက်ရသည် စိတ်ထဲမှာတော့ တော်တော်ဘ၀င်မကျလှပေ၊ ဒီအကြောင်းကို လူတွေသိရင် ပျက်ရယ်ပြုမှာစိုးလို့ ဖခင်ကိုလည်း ဒီအကြောင်းဘယ်သူ့မှမပြောဖို့ တောင်းဆိုလိုက်ရသေး၏။ ဟုတ်တယ်လေ တော်တော်ကြာ လူတွေကနှမ်းလှော်စိုက်တဲ့ ခပ်ကြောင်ကြောင်လူမျိုးပါကွာပြောရင် တစ်ရှက်ကနှစ်ရှက်ရဖို့သာရှိတော့၏။
ဒီလိုနဲ့ နှမ်းကြဲချိန်ရောက်တော့ ဘေးချင်းကပ်လယ်ကွက်က လယ်သမားကြီးဇနီးက အိမ်ရောက်လာပါသတဲ့ ၊သူတို့လယ်အတွက်လည်း အထွက်တိုးလှတဲ့ နှမ်းမျိုးကောင်းကိုစမ်းစိုက်ကြည့်ချင်လို့ တစ်ခွဲလောက်မျှဖို့ပြောလာပြန်ရော ၊ ဒီမှ ဖခင်ကနှမ်းလှော်စိုက်မယ်ဆိုပြီး မရမကလှော်ခိုင်းထားလို့ မျိုးတွေအကုန်လှော်ထားတာလေ ၊တကယ်လို့လာဝယ်သူကို အဲဒါရောင်းရင် မျိုးမပေးချင်လို့ လှော်ပြီးသားနှမ်းတွေပေးပါတယ် လုပ်ကြဦးမှာ ။ ဘယ်လိုမှမမျှုနိုင်လို့ပါအန်တီ ဒီမှာလည်း မျိုးတစ်ခွဲသာကျန်တော့တယ်လို့ ပလွှတ်လိုက်ရတယ် ၊ ဒါတောင်မှ မျိုးကောင်းလို့ မရောင်းတာဆိုပြီး အရပ်ထဲမှာ သတင်းလွှင့်ခံရသေးဆိုပဲ ၊ 
ဒီလိုနဲ့ နှမ်းကျဲချမယ့်မနက်လည်းရောက်ရော ကံကောင်းလှတဲ့ လယ်သမားကြီးက နှမ်းလှော်တောင်းကြီးလှည်းပေါ်တင်ပြိး နှမ်းကြဲထွက်လာပါသတဲ့ ၊ဘေးချင်းကပ်လယ်သမားကလည်း သူ့ကိုနှမ်းမျိုးမျှရမလားလို့ အာဃာတနဲ့ အကောက်ကြံဖို့ သူ့လယ်ကိုနှမ်းမချသေးပဲ စောင့်နေသတဲ့လေ ၊ နောက်ဖိုးကံကောင်းလယ်ထဲရောက်လာတော့ သူတို့လယ်ဖက်ကိုခဏလှလည့်လည်ကြည့်ဖို့ပြောပြီး ၊မအားပါဘူး အတန်တန်ငြင်းနေတဲ့ကြားက ရအောင်ခေါ်ထုတ်သွားပြီး သူမရှိတုန်း နှမ်းတောင်းချင်း မသိအောင်လဲထားလိုက်စေပါသတဲ့  
ဒီလိုနဲ့ဖိုးကံကောင်းရဲ့ လှော်ထားတဲ့ မီးသင့်နှမ်းမျိုးတွေက ဘေးကလယ်ကွက်ထဲရောက်သွားပြီး ၊ ဘေးလယ်ကွက်ကနှမ်းမျိုးကောင်းတွေက ဖိုးကံကောင်းလယ်ထည့်ရောက်သွားတာပေါ့ ၊ အချိန်တန်အပင်ပေါက်ချိန်ရောက်တော့ နှမ်းကိုလှော်စိုက်တဲ့ ဖိုးကံကောင်းလယ်က စိမ်းစိမိးစိုစိုနဲ့ အညွှန့်တလူလူတက်လာကြသလောက် ၊ နှမ်းလှော်တောင်းကို ခိုးယူလဲလှယ်စိုက်မိတဲ့ ဘေးလယ်ကွက်ကတောင်သူကြီးခများမှာ သူ့အပြစ်နဲ့သူ ဘယ်လိုကြောင့်အပင်ပေါက်မလာသလဲဆိုတာ အဖြေရှာမရဖြစ်နေတော့တာပေါ့ ။ ဒါ့ကြောင့်မသင်ကာဖြစ်ပြီး “နို့ နေစမ်းပါဦး ဦးကံကောင်းရယ် ကျုပ်လယ်ကွက်ကဖြင့် တစ်ပင်မှမပေါက်လာပဲ ခင်များလယ်ကွက်က ဘာ့ကြောင့်များ နေရာလပ်မရှိအောင် ပေါက်နေရတာလဲဗျာ အံ့သြစရာပဲ ”
ဒီတော့မှ ဖိုးကံကောင်းလည်း မယုံနိုင်တဲ့သူ့ကံကောင်းလိုက်ပုံကို လူပုံအလည်မှာ အဲလိုဖွင့်ချလိုက်ပါသတဲ့လေ “မယုံမရှိနဲ့ ကိုယ့်လူတို့ရေ ကိုယ်ဖြင့်ကိုယ့်ကံကိုယ်မယုံလို့ နှမ်းကိုလှော်ပြီး စိုက်လိုက်တာတောင် တစ်ပင်မလျော့ပေါက်လာတယ် မောင်” ဟာ .. ဟင်.. အိုမဟုတ်တာ ဖိုးကံကောင်းရယ် ခင်များဘယ်လိုကံကောင်းကောင်း နှမ်းကိုလှော်ပြီးစိုက်တာတော့ ဘယ်လိုမှအပင်မပေါက်နိုင်ရာပါဘူးဗျာ ခင်များကလည်း မြှောက်ပေးရင် ကွေးနေအောင်ကသကိုးဗျ …လူတွေထဲက ဖိုးကံကောင်းရဲ့ဝန်ခံချက်ကို ကန့်ကွက်သံတွေပဲ ထွက်လာကြတာပေါ့ ။ ဟုတ်တယ်လေ ဘယ်ကလာ နှမ်းလှော်စိုက်တာ အပင်ပေါက်တယ်ဆိုတာ ကြားမကြားဖူးပါဘူး ။ 
ဒီတော့မှ ဘေးလယ်ကွက်က လယ်သမားပဲ မအောင့်အီး သည်းမခံနိုင်တော့ပဲ ဖြစ်ပုံအလုံးစုံကိုဝန်ခံပြောပြလိုက်ရတော့တာပေါ့ ။ ဟုတ်ပါတယ် ဦးကံကောင်းပြောတဲ့စကားက အမှန်ပဲဗျ သူ့ကံသူစမ်းတဲ့အနေနဲ့ နှမ်းကိုလှော်စိုက်တာတကယ်ပဲဗျို့ တစ်ပင်မကျန်အကုန်ပေါက်လာတယ်ဆိုတာပဲ အမှန်ပဲ ။မပေါက်ပဲနေမလားဗျ ကျုပ်ကသူ့မျိုးကောင်းလှချေရဲ့ဆိုပြိးတော့ မျိုးကျဲခါနီး တောင်းချင်းလဲကြဲလိုက်တာလေ ၊ အခုကြည့်လေ ကျနော့နှမ်းခင်းကဖြင့် တလင်းပြင်လားအောက်မေ့ရတယ် တစ်ပင်တစ်လေမှပေါက်မလာဘူး ၊ သူ့နှမ်းလှော်မျိုးကြီးယူကြဲမိတာကိုး ၊ သူ့လယ်ကွက်ကျ လှမှလှ ကောင်းပေ့ဆိုတဲ့မျိုးကို ကျနော်တို့ကရှာပြီး သူကြဲဖို့တောင်းချင်းလဲပေးလိုက်ရတာ ။ 
ဟားးးးးဟားးးးးးဟားးးးးးးး ဖိုးကံကောင်းတို့ကတော့ တကယ်ပါပဲဟေ့ နှမ်းလှော်ပြီးစိုက်တာတောင်အပင်ပေါက်တယ်ဆိုတာ လောကနိယာမကိုတောင် လွန်သွားတယ် သြော် ဒါ့ကြောင့် ဘုရားရှင်ကိုယ်တော်မြတ်ကြိးကဟောခဲ့တာပေါ့ 
" ဘဒြောပိ ပဿတိ ပါပံ၊
ယာဝ ဘဒြံ နပဿတိ။
ယဒါ စ ပစ္စတိ ဘဒြံ၊
အထ ဘဒြော ဘဒြာနိ ပဿတိ "
- ကုသိုလ်ကံ အကျိုးပေးချိန် မရောက်သေးလျှင် ကောင်းမှု
ပြူသူပင် ဖြစ်သော်လည်း မကောင်းကျိုးကို တွေ့မြင်ရ၊
ခံစားရနိုင်သည်။ ကုသိုလ်ကံ အကျိုးပေးချိန် ရောက်လျှင်
ကား ကောင်းမူပြုသူသည် ကောင်းကျိုကိုသာ တွေ့မြင်ခံစား
ရတော့သည်။…လို့ ကဲ “ကံလျှင်ပေးမှ ဋ္ဌေးကြွယ်ဝ လောဘမမွန်နှင့် “ဆိုတာ အခုတော့မှ ကျနော်တို့ ကိုယ်တွေ့ကြုံရတာပဗျာ ဖိုးကံကောင်းတို့က အတိတ်က လယ်ယာမြေကောင်းမှာ စိုက်ပျိုးခဲ့တော့ ဒီဘ၀ထိလိုက်ကာ အကျိုးပေး အပင်ပေါက်တာပေါ့လို့ပဲ အားလုံးမှတ်ချက်ပြုကြ ချီးမွမ်းထောမနာစကားဆိုကြရပါသတဲ့ ။ 
…… ကျွန်ုပ်ငယ်စဉ်က အဖွားပြောပြခဲ့သော အထက်ပါပုံဝတ္ထုလေးကနေ ကံတွေကို ထူးခြားမွန်မြတ်အောင် စည်းပူးခဲ့တယ်ဆိုရင် သူများထက်လွယ်ကူသက်သာစွာ သံသရာခရီးခဲကို လွယ်လင့်တကူဖြတ်ကျော်နိုင်မှာဖြစ်တယ်လို့ သုံးသပ်ပြချင်ပါတယ် ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကလည်း သူ၏တပည့်သားအရိယာသံဃာတော်များကို အနုတ္တရံ ပုညခေတ္တံ လောကဿ ၊ လောကသားတို့၏ အတုမရှိမြတ်သော ကောင်းမှုတည်းဟူသောမျိုးစေ့တို့၏စိုက်ပျိုးကြဲချရာ လယ်ယာမြေကောင်းသဖွယ်ဖြစ်တယ်၊ လှော်ပြီးစိုက်ပျိုးတဲ့နှမ်းကို ရအောင်အပင်ကိုပေါက်စေခဲ့တာလည်း ယင်းကဲ့သို့ အတုမရှိမြတ်တဲ့ သူတော်စဉ်သူတော်ကောင်းဆိုတဲ့ ကိလေသာပေါင်းပင်တွေကင်းရှင်းနေတဲ့ လယ်ယာမြေမှာ စိုက်ပျိုး စည်းပူး ထောက်ပံ့လှုဒါန်းခဲ့ခြင်းကြောင့်လို့ပဲ ဆိုပါရစေ။
စပါးကိုအခွံချွတ်ပြိး ဖွပ်ပြီး စင်ပြီးမှ စိုက်လျှင် သာမန်လယ်ကွက်မှနေ စပါးနှံထွက်လာဖို့ မဖြစ်နိုင်ပေမယ့် အရိယာနွယ်ဝင် သံဃာတော်အရှင်သူမြတ်တို့အတွက် ဆွမ်းကွမ်းမပင်မပမ်း ပရိယတ်/ပဋိပတ် သာသနာ့တာဝန်များ ထမ်းနိုင်စေဖို့ ရည်ရွယ်ကာ တန်ဖိုးအကြီးဆုံး အကောင်းဆုံး သန့်ပြီး စင်ပြိး အညစ်ကြေးကင်းတဲ့ ပထမတန်းစားဆန်အိပ်များကို လှုဒါန်းခြင်းကတော့ အချိန်တန် အကျိုးပေးတဲ့အခါ စပါးခွံချွတ်ပြိး စင်ပြီး သန့်ပြီးမှ စိုက်ပျိုးလှုဒါန်းခဲ့တဲ့ မျိုးစပါးတွေဟာ အကျိုးတရားစည်ပင်ပေါက်ရောက်လာဦးမှာဖြစ်ပါကြောင်း ကံကံ၏အကျိုးကို တန်ဖိုးထားပြီး တင်ပြပေးလိုက်ရပါတယ် ။ 
                                                                        

                                                                                            (လင်္ကာအရှင်-မုံရွာ)၂၉,၂,၂၀၁

No comments: