လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းရွှင်လန်းချမ်းမြေ့ပါစေ....

ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...

သင်အောင်မြင်လိုသော်


လူတိုင်းလူတိုင်းဟာ အောင်မြင်ခြင်းကို အလိုရှိကြပါတယ်၊ အောင်မြင်ဖို့ ကြိုးစားနေကြတယ်၊ အောင်မြင်ဖို့ အလုပ်လုပ်နေကြတယ်ဆိုရင် မမှားပါဘူး၊ စာအုပ်ကိုင်ကျောင်းတတ်နေတဲ့ ကျောင်းသူ/ သားတွေကလည်း စာမေးပွဲအောင်မြင်ဖို့ တိုက်ပွဲဝင်နေတဲ့ စစ်သားတွေကလည်း တိုက်ပွဲကိုအောင်မြင် ဖို့၊ ဘောလုံးကွင်းထဲမှာ အားကြိုးမာန်တက် ယှဉ်ပြိုင်ကစားနေကြတဲ့ ဘောလုံးသမားတွေကလည်း မိမိရဲ့အသင်းအောင်မြင်ဖို့၊ ပိုက်ဆံထုပ်ပိုက်ပြီး စီးပွားရေးလုပ်နေကြတဲ့ လုပ်ငန်းရှင်တွေကလည်း စီးပွားရေးမှာ အောင်မြင်ဖို့၊ စကားကုန်ပြောရမယ်ဆိုရင် တရားရိပ်သာမှာ သို့မဟုတ် တောထဲမှာ တရားအားထုတ်နေတဲ့ ယောဂီသူတော်စဉ်တွေလည်း မသိခြင်း တွေဝေခြင်းနဲ့ တပ်မက်ခြင်းတွေကို တဒင်္ဂအောင်မြင်မှုဆီကနေ ထာဝရအောင်မြင်ဖို့ ရည်ရွယ်ပြီးတော့ လူတိုင်းဟာ မိမိတို့နေရာဒေသ နယ်ပယ်တွေမှာ ကြိုးစားနေကြရပါတယ်။
          မိမိဘ၀မှာ လိုချင်နေတဲ့ အရာတစ်ခု ရောက်ချင်နေတဲ့ အဆင့်အတန်းတစ်ခုပြီးမြောက်လိုတဲ့ အရာတစ်ခုကို ရရှိပြီးမြောက်သွားကြတာကိုပဲ အောင်မြင်ခြင်းလို့ခေါ်ရမယ်ထင်ပါတယ်။ ဒါကြောင့် သတ္တ၀ါအားလုံးဟာ နေ့တဓူဝ အောင်ပွဲတွေ အောင်မြင်မှုတွေ တစ်ခုပြီးတစ်ခုရဖို့ ရုန်းကန်ကြိုးစားနေ ကြတယ်လို့ဆိုရင် မမှားနိုင်ပါဘူး၊ ကြိုးစားနေကြသလို အောင်ပွဲတွေ အောင်မြင်မှုတွေ တစ်ခုပြီးတစ်ခု ရရှိနေကြပါတယ်၊ သို့သော် အဆုံးသတ်ထာဝရ အောင်မြင်မှုတော့ မဟုတ်ပါ။
          ဘာဖြစ်လို့လဲဆိုတော့ လောကကြီးဟာ အမြဲတမ်းနှစ်ခုနှစ်ခု ဒွန်တွဲနေတတ်လို့ပါ၊ မွေးဖွား ခြင်းတွေရှိရင် သေဆုံးခြင်းရှိရမယ်၊ ငယ်ရွယ်သစ်လွင်ခြင်းတွေရှိရင် အိုဟောင်းခြင်းတွေ ရှိရမယ်၊ အောင်မြင်ခြင်းတွေရှိရင် ကျဆုံးခြင်းတွေရှိရမယ်၊ ပျော်ရွှင်ခြင်းတွေရှိရင် ၀မ်းနည်းခြင်းတွေ ရှိရမယ်၊ ကျန်းမာခြင်းတွေရှိရင် မကျန်းမာခြင်းတွေ ရှိရမယ်၊ အတူတကွ နေထိုင်ခြင်းတွေရှိရင် ခွဲခွာသွားရခြင်း တွေ ရှိရမယ်၊ ဒါဟာ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့ဟာ သဘာဝတရားရဲ့အောက်မှာ သို့မဟုတ် သဘာဝတရားရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ လှုပ်ရှားရှင်သန်နေကြရလို့ ဒီအကောင်းအဆိုး သဘာ ၀ကြောင်းကျိုး ဖြစ်စဉ်များကို မလွှဲမသွေရင်ဆိုင်ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။
          ဒါဆိုရင် လောကကြီးရဲ့ သဘာဝဖြစ်စဉ်ဟာ အကောင်းနဲ့အဆိုး၊ စတင်ခြင်းနဲ့အဆုံးသတ် သွားခြင်း၊ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း၊ ပိုင်ဆိုင်ခြင်းနဲ့ စွန့်လွှတ်ရခြင်းတွေရှိနေတယ်ဆိုရင် မထူးပါဘူး ဘာမှမလုပ်တော့ဘဲ တစ်ခါထဲအရှုံးပေးလိုက်မယ်လို့ သင်ယူဆချင်ယူုဆသွားလိမ့်မယ်။
          ဒီလိုကျွန်ုပ်တို့ မတွေးသင့်ပါဘူး၊ သင့်ရဲ့အိမ်ရှေ့မှာ သရက်ပင်လေးတစ်ပင်စိုက်ထားတယ်ဆို ပါစို့။ ဒီသရက်ပင်လေးဟာ တစ်နေ့ကြီးပြင်းလာပြီး အခက်တွေအရွက်တွေဝေလို့ အသီးလေးတွေ လည်း သီးပြီးတော့ သင့်မိသားစုကို ကျေးဇူးပြုနေတယ်ဆိုပါစို့၊ နှစ်စဉ်နှစ်တိုင်း ၀င်ငွေလည်းရ ၀မ်း လည်းဝဆိုသလို ဖြစ်နေတော့ ဒီသရက်ပင်လေးကြောင့် သင့်မိသားစုဟာ အတော်လေးကို အဆင်ပြေ နေကြတာပေါ့၊ သင်နဲ့သင့်မိသားစုဟာ ဒီသရက်ပင်လေးကို အမြဲထာဝရရှင်သန်နေစေချင်ပါလိမ့်မယ်။
          သဘာဝရဲ့ ကြောင်းကျိုးဖြစ်စဉ်အရ ရှင်သန်ပေါက်ဖွားရခြင်းရှိနေရင် မလွှဲမသွေ သေဆုံးရခြင်း ရှိရမှာဆိုတော့ သက်တမ်းကုန်ဆုံးလို့ဖြစ်စေ၊ အထဲကိုပိုးနှိုက်စားသွားလို့ဖြစ်စေ၊ သဘာဝဘေးရန် တစ်ခုခုကြောင့်ဖြစ်စေ၊ အဲဒီသရက်ပင်လေးဟာ သင့်မိသားစုကို နှစ်ပေါင်းများစွာ ကျေးဇူးပြုပြီးတော့ တစ်နေ့လဲကျ ပျက်စီးသွားရပါတယ်၊ သင့်အိမ်ထဲမှာ ဒီလိုပဲပေါက်ရောက်လာပြီး ပျက်စီးသွားခဲ့ကြတဲ့ သစ်ပင်လေးတွေ အများကြီးရှိတဲ့အထဲက ထူးထူးခြားခြား သင်နဲ့သင့်မိသားစုကို ကျေးဇူးပြုသွားခဲ့တဲ့ သရက်ပင်လေးကိုတော့ နှစ်ပေါင်းအတန်ကြအောင် သင်နဲ့ သင့်ရဲ့သားစဉ်မြေးဆက်တွေဟာ သတိရ နေကြမှာပါ။
          မွေးဖွားခြင်းနဲ့ သေဆုံးခြင်းတွေ ရပ်တည်ခြင်းနဲ့ ထွက်ခွာသွားရခြင်းတွေ ရှိနေပေမဲ့ မသေဆုံး ခင် မထွက်ခွာသွားခင်မှာ ကျွန်ုပ်တို့ရဲ့ ကာယဉာဏစွမ်းအားကို သူတစ်ပါးတွေအတွက် ပေးဆပ်သွား ခြင်းပါပဲ၊ တစ်နည်းအားဖြင့် ဆိုရင် မိမိရဲ့ ကာယဉာဏစွမ်းအားကို အသုံးပြုပြီးတော့ အောင်ပွဲလေးတွေ တစ်ပွဲပြီးတစ်ပွဲ လောကကြီးကို ရယူပေးသွားခြင်းပါပဲ။
          ကျွန်ုပ်တို့တွေဟာ မသိမှုကိုကျော်လွှားပြီးတော့ လောကကြီးရဲ့ကြောင်းကျိုးဖြစ်စဉ်တွေကို ဂဃနဏ ပီပီပြင်ပြင် ပိုင်ပိုင်နိုင်နိုင် နားလည်သဘောမပေါက်သမျှ တပ်မက်မှုအားလုံးကို လုံးဝအကြွင်း အကျန်မရှိ ကျွန်ုပ်တို့ရဲ့ စိတ်အစဉ်ကနေဖယ်ထုတ်မရှင်းလင်းနိုင်သေးသမျှ သဘာဝတရားရဲ့ ကြောင်း ကျိုးဖြစ်စဉ်ထဲမှာ ပါဝင်ပတ်သက်နေပြီးတော့ အခိုက်အတန့် ယာယီအောင်ပွဲတွေသာ ရရှိနေမှာဖြစ်ပါ တယ်။
          ကျွန်ုပ်တို့ရဲ့ သန္တာန်မှာ မသိမှုနဲ့ တပ်မက်မှုကို လုံးဝကင်းစင်သွားပြီး ထာဝရဖြူစင်သန့်ရှင်း နေတဲ့ စိတ်အစဉ်တွေပဲ စီးမျှောနေတဲ့ တစ်နေ့မှာတော့ တစ်ကြိမ်ပဲသေခြင်းတရားနဲ့ တွေ့ပြီးတော့ သဘာဝရဲ့ကြောင်းကျိုးဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခြင်းရှိမှာမဟုတ်တော့ပါ။ ဘာဖြစ်လို့လဲဆိုတော့ အကြောင်းတရားတွေ မရှိတော့ပဲ ချုပ်ငြိမ်းသွားလို့ဖြစ်ပါတယ်။
          ဗုဒ္ဓဘာသာဝင်တွေ သုံးတဲ့နိဗ္ဗာန်ရောက်သွားတယ်၊ သံသရာမှ လွတ်သွားတယ်ဆိုတာ ဒီသ သဘောပါပဲ၊ မိုးကုတ်ဆရာတော်ကြီးစကားနဲ့ ပြောရမယ်ဆိုရင် လောင်စာသိမ်းလို့ မီးငြိမ်းသွားတာပါ။ ကျွန်ုပ်နားလည်သလိုပြောရရင် အဆုံးသတ်ထာဝရအောင်မြင်မှုကို ရရှိသွားတာပါ။
          တစ်နေ့ ဗုဒ္ဓဟာဘုရားဖြစ်ပြီးတဲ့နောက် ပဉ္စ၀ဂ္ဂီ(၅)ဦးအား တရားဟောရန်သွားစဉ် လမ်းခရီးမှာ ” ဥပက အာဇီဝက ” လို့ခေါ်တဲ့ တက္ကတွန်းတစ်ယောက်က သင်ဘယ်သူလဲလို့ မေးလို့ဗုဒ္ဓဖြေပေးတဲ့ အဖြေကို ခံစားကြည့်ကြရအောင်….
မာဒိသာ ဝေ ဇိနာ ဟောန္တိ၊ ယေ ပတ္တာ အာသ၀က္ခယံ။
ဇိတာ မေ ပါပကာ ဓမ္မာ၊ တသ္မာဟ မုပက ဇိနော။
(ဗောဓိရာဇကုမာရ သုတ် - မဇ္စျိမပဏ္ဏာသပါဠိ၊ ပဉ္စ၀ဂ္ဂိယကထာ၊ မဟာဝဂ္ဂပါဠိ)
          ”ဥပက အာသဝေါတရားတို့ ကုန်ခြင်းသို့ရောက်သော ငါကဲ့သို့သော ပုဂ္ဂိုလ်တို့သည် စင်စစ် ဇိနမည်ကုန်၏။ ငါသည်ယုတ်မာသော အကုသိုလ်တရားတို့ကို အောင်အပ်ပြီးဖြစ်သောကြောင့် အောင်နိုင်သူ ဇိနမည်၏။”
          “ Like me, they are victors indeed, who have won to destruction of the cankers, vanquished by me are evil things.
          Therefore am I, Upaka, a victor.”
          သူ့ကိုယ်သူ အောင်နိုင်သူ ဇိန(victor ) လို့ ပြောခဲ့တဲ့ ဗုဒ္ဓက သူ့နောက်လိုက်များကို သူ့လိုပဲ အောင်မြင်မှုတွေ ရစေချင်ပါတယ်၊ ဖြစ်နိုင်မယ်ဆိုရင် ဘယ်တော့မှ အရှုံးတော့တဲ့ အဆုံးသတ် ထာဝရ အောင်မြင်မှုမျိုးကို ရစေချင်ပါတယ်၊ ဒါကြောင့် ဗုဒ္ဓက မဇ္စျိမပဏ္ဏာသပါဠိ၊ ရာဇ၀ဂ္ဂ၊ ဗေဓိရာဇာ ကုမာရသုတ်မှာ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ တရားဓမ္မအားထုတ်နေတဲ့ ယောဂီတစ်ယောက်မှာရှိရမည့် အရည်အချင်း ( ၅ ) ချက်ကို လိုက်နာကျင့်သုံးသူ မည်သူမဆို မိမိလိုအပ်တဲ့ အောင်မြင်မှုမျိုးကို ရရှိနိုင် ပါလိမ့်မယ်။
         

(၁) ယုံကြည်မှုရှိခြင်း
          သင်ဟာ အဆုံးသတ် အောင်မြင်ခြင်းလို့ခေါ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ ရည်ရွယ်ပြီးတော့ တရားအားထုတ်နေတယ်ဆိုပါစို့၊ သင်အားထုတ်နေတဲ့ နည်းစနစ်တွေကို ရှာဖွေဖော်ထုတ်ခဲ့တဲ့ ဗုဒ္ဓနဲ့ သူရဲ့နည်းစနစ်များ၊ ဒီနည်းစနစ်တွေကို လက်တွေ့လိုက်နာကျင့်သုံးပြီး ထိန်းသိမ်းခဲ့တဲ့ သံဃာတော် များအပေါ်မှာ ယုံကြည်မှုရှိရမှာဖြစ်ပါတယ်၊ တရားအားထုတ်နေစဉ်မှာ ဗုဒ္ဓဟာ လောကကြီးနဲ့ နိယာမ ကြောင်းကျိုးဖြစ်စဉ်ကနေ လွတ်မြောက်ပြီး ချုပ်ငြိမ်းသွားတယ်ဆိုတာ ဟုတ်ပါ့မလား၊ သူ့ရဲ့နည်းစနစ် တွေဟာ တကယ်လွတ်မြောက်ရာလမ်းကို ဦးတည်ပါ့မလား၊ သူ့ရဲ့အရိယာတပည့်တွေဟာ ဒီနည်း စနစ်တွေကို လက်တွေ့ကျင့်သုံးပြီး လောင်စာတွေမရှိတော့လို့ ငြိမ်းသွားတဲ့မီးလို ဘ၀ခန္ဓာချုပ်ငြိမ်း သွားတယ်ဆိုတာ ဟုတ်ပါ့မလားနဲ့ မယုံကြည်မှုတွေ သံသယတွေ ရင်မှာပိုက်ပြီး တရားထိုင်နေမယ်ဆို ရင် မည်သည့်တိုးတက်မှုမျှ ရမည်မဟုတ်ပါ။
          မိမိကိုကုသပေးတဲ့ ဆရာဝန်ကို လုံးဝယုံကြည်စိတ်ချစွာနဲ့ သူပေးတဲ့ဆေးကို ယုံယုံကြည်ကြည် သောက်သုံးတဲ့ လူမမာလိုပဲ သင်ဟာ တကယ်ယုံယုံကြည်ကြည်နဲ့ ဗုဒ္ဓလမ်းစဉ်အတိုင်း တရားထိုင် မယ်ဆိုရင် အချိန်တိုအတွင်းမှာပဲ တိုးတက်မှုကို ရရှိမှာ ဖြစ်ပါတယ်။
          ဒါမှမဟုတ် သင်က လောကုတ္တရာအောင်မြင်မှုတွေ မလိုချင်ပါဘူး၊ စီးပွားရေး၊ ပညာရေး၊ အစရှိတဲ့ လောကီအောင်မြင်မှုတွေပဲ လိုချင်တယ်ဆိုရင် ဗုဒ္ဓဟောကြားခဲ့တဲ့ ယုံကြည်မှုရှိပါ ဆိုတဲ့စ ကားလေးကို သင်လိုက်နာကျင့်သုံး ကြည့်သင့်ပါတယ်၊ ဗေဒင်၊ နတ်၊ ယကြာ အစရှိတဲ့ အရာတွေကို ယုံကြည်ရမယ်လို့ မဆိုလိုပါဘူး၊ သင့်ကိုယ်သင် ယုံကြည်ဖို့ ဆိုလိုတာပါ၊ မည်သည့် အလုပ်ပဲလုပ် လုပ် အစကတည်းကနေ ငါလုပ်တာ ဟုတ်မှဟုတ်ပါ့မလား၊ ငါ့အခြေအနေနဲ့ အောင်မြင်ပါ့မလား၊ ငါတော့ မရနိုင်ဘူး၊ မအောင်မြင်နိုင်ဘူးထင်ပါတယ်နဲ့ သင့်ရင်ထဲမှာ သံသယတွေ ကိန်းအောင်းပြီး အလုပ်တစ်ခုကို လုပ်မယ်ဆိုရင် အောင်မြင်မှုကိုရဖို့ မလွယ်တော့ပါဘူး။
          သူလည်းပခုံးနှစ်ဖက်ကြား ခေါင်းပေါက်ပြီး ခြေနှစ်ဖက် လက်နှစ်ဖက်ရှိတာပဲ၊ ငါလည်းပခုံးနှစ် ဖက်ကြား ခေါင်းပေါက်ပြီး ခြေနှစ်ဖက် လက်နှစ်ဖက်ရှိတာပဲ၊ ဘာဖြစ်လို့ သူ့လိုမဖြစ်ရမှာတုန်းဆိုပြီး တော့ ကြိုးစားပြီးအောင်မြင်မှုရသွားတဲ့ လူတွေကို တွေ့ဖူးပါလိမ့်မယ်၊ ဒါကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိလို့ပါ။
          မဇ္ဈိမပဏ္ဏာသပါဠိ ဗောဓိရာဇကုမာရသုတ်မှာ ဗုဒ္ဓက ဗောဓိရာဇကုမာရ မင်းသားလေးကို ဘာ ပြောသလဲဆိုတော့ ငါဘုရားမဖြစ်ခင် တောထဲမှာ ထာဝရငြိမ်းချမ်းဖို့ အဆုံးသတ်အောင်မြင်မှုတရားကို ရှာရင်းနဲ့တစ်နေ့ “ အာဠာရ“ ရသေ့ကြီးနဲ့တွေ့တော့ သူ့ဆီမှာ နည်းခံပြီးတရားအားထုတ်တယ်၊ အာဠာရရသေ့ကြီးက သူဟာအာကိဉ္စညာယတနဈာန်ရတယ်လို့ ပြောပါတယ်၊ ငါစဉ်းစားတယ် ဒီအာ ဠာရရသေ့ကြီးသာလျှင် ယုံကြည်မှု(သဒ္ဓါ)၊ ကြိုးစားမှု(၀ီရိယ)၊ ထိန်းသိမ်းမှု(သတိ)၊ စူးစိုက်မှု(သမာဓိ)၊ ပိုင်းခြားဝေဖန်မှု(ပညာ) ရှိတာမဟုတ်ဘူး၊ ငါ့မှာလည်း ဒီစွမ်းအားတွေ ရှိတာပဲ၊ သူရတယ်ဆိုရင် ငါဘာ ကြောင့်မရ၊ ရမှာလဲဆိုပြီးတော့ ကြိုးစားအားထုတ်ခဲ့တာ မကြာခင်ပဲ အာဠာရရသေ့ကြီးရတဲ့ အာကိဉ္စ ညာယတနဈာန်ကို ငါလဲပဲရခဲ့တယ်လို့ ဗုဒ္ဓကိုယ်တိုင် ပြောခဲ့ပါတယ်၊ ဒါမိမိကိုယ်ကို ယုံကြည်မှုဖြစ်ပါ တယ်၊ ယုံကြည်မှု အပြည့်အ၀နဲ့ ကြိုးစားလို့ ရှုံးသွားသည့်တိုင် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ယုံကြည် မှုကြောင့် အောင်မြင်မှုကို ရနိုင်ပါတယ်။
          ဒါကြောင့် မည်သည့်အောင်မြင်မှုမျိုးကိုမဆို သင်လိုချင်တယ်ဆိုရင် မိမိကိုယ်ကို ယုံကြည်မှုအ ပြည့်နဲ့ ကြိုးစားပါက အောင်မြင်ခြင်းဟာ လက်တစ်ကမ်းမှာ ရှိမှာပါ။
          (၂) ကျန်းမာခြင်း
          မည်သည့်အောင်မြင်မှုမျိုးကိုမဆို သင်လိုချင်လျှင် ကျန်းမာရေးကောင်းမွန်ခြင်းဟာလဲ တကယ် လိုအပ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျန်းမာရေးမကောင်းသူ တစ်ယောက်ဟာ သူရဲ့ဘ၀မှာ ၅၀% နှုန်းလောက် အရာအားလုံးကို ကြိုတင်အရှုံးပေးပြီး ဖြစ်နေပါပြီ၊ ကျန်းမာရေးရဲ့ အရေးပါပုံကို ဗုဒ္ဓလည်း ထည့်တွက်စဉ်းစားမိတဲ့အတွက်ကြောင့် ထာဝရအဆုံးသတ် အောင်မြင်ခြင်းလို့ခေါ်တဲ့ နိဗ္ဗာန်ကို မျက် မှောက်ပြုဖို့ ကြိုးစားအားထုတ်တဲ့အခါမှာ ကျန်းမာရေးကောင်းမွန်ခြင်းဟာလည်း အစိတ်အပိုင်းတစ်ခု အနေနဲ့ ပါဝင်ပါတယ်လို့ ဗောဓိရာဇကုမရသုတ်မှာ ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပါတယ်၊ ကျွန်ုပ်တို့ရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုရေးဟာ ထိုင်ပြီးဆုတောင်းနေရုံနဲ့ မရနိုင်ပါဘူး၊ တကယ့်ကို ကြိုးစားအားထုတ်ပါမှ ဉာဏ်စဉ်တွေ တစ်ဆင့်ပြီးတစ်ဆင့်တက်ပြီး ဖြစ်ပျက်ကို ပြင်းထန် တဲ့ ဒုက္ခဝေဒနာကို ရှုမှတ်ရင်း မဖြစ်ခြင်းနိဗ္ဗာန်ဓာတ်ကို ယောဂီဟာ အာရုံပြုမိသွားမှာ ဖြစ်ပါတယ်။
          ယောဂီသူတော်စင်ဟာ ကျန်းမာရေးမကောင်းဘူးဆိုရင် တရားကိုတကယ် စူးစိုက်ရှုမှတ်ဖို့ ခဲယဉ်းပါလိမ့်မယ်၊ အဲဒီမကျန်းမာစဉ်မှာ ခံစားရတဲ့ ဒုက္ခဝေဒနာကို ရှုမှတ်လို့ မရတော့လားလို့ သင် မေးပါလိမ့်မယ်၊ ရပါတယ် ရောဂါခံစားနေရစဉ်မှာ ဝေဒနာကိုရှုရင်း အောင်မြင်သွားကြတဲ့ ယောဂီတွေ လည်းရှိပါတယ်၊ ဒါပေမဲ့ သာမန် ပါရမီဓါတ်ခံနဲ့ ရှုဖို့ လွယ်ကူမည်မဟုတ်ပါ။
          လူတော်တော်များများဟာ မကျန်းမာစဉ်မှာ ပေါ်နေတဲ့ဒုက္ခဝေဒနာကို ရှုမှတ်ဖို့ တကယ်ခက်ခဲ ပါတယ်၊ ဒါကြောင့် ကျွန်ုပ်တို့ရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကို နားလည်သဘောပေါက် မျက် မှောက်ပြုရေးမှာ ကျန်းမာရေးကောင်းမွန်ခြင်းဟာလည်း အဓိကအစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ရ ခြင်းဖြစ်ပါတယ်။
          ဒီအတိုင်းပါပဲ စီးပွားရေး ကျန်းမာရေး အစရှိတဲ့ လောကီနယ်ပယ်မှာလည်းပဲ ကျန်းမာရေး ကောင်းမွန်မှုဟာလည်း အမြဲလိုအပ်ပါတယ်၊ ကျန်းမာရေးမကောင်းလို့ ပညာရေး စီးပွားရေးတွေမှာ အောင်မြင်သင့်တာတွေ မအောင်မြင်မှုတွေ၊ လုံးဝအရှုံးပေးသွားရတာတွေ အများကြီးသင်လည်းတွေ့ ဖူးမှာ ဖြစ်ပါတယ်။ မွေးကတည်းကနေ ကျန်းမာရေးညံ့လာတဲ့ လူတွေကလွဲလို့ ရောဂါဝေဒနာ ခံစားနေ ရတဲ့လူအများစုဟာ ကျန်းမာရေးနဲ့ပတ်သတ်တဲ့ ဗဟုသုတတွေ မရှိလို့ဖြစ်စေ မိမိခန္ဓာကိုယ်ကို ဂရုမ စိုက်လို့ဖြစ်စေ၊ ကျန်းမာရေးမလိုက်စားလို့ဖြစ်စေ၊ အကြောင်းတစ်ခုခုကြောင့် ရောဂါဝေဒနာ ရရှိကြ တာဖြစ်ပါတယ်။
          ဒါကြောင့် သင့်အတွက်ဖြစ်စေ၊ သင့်မိသားစုအတွက်ဖြစ်စေ၊ သင့်နိုင်ငံလူမျိုးအတွက်ဖြစ်စေ၊ ဒါ မှမဟုတ် သင့်ဘာသာ၊ သာသနာအတွက်ဖြစ်စေ၊ အောင်မြင်မှုတွေ လိုချင်တယ်၊ကြီးမားတဲ့ အလုပ် တွေ လုပ်ပေးခဲ့ချင်တယ်ဆိုရင် ကျန်းမာရေးဂရုစိုက်ဖို့ (သို့မဟုတ်) ကျန်းမာရေးကို လေ့လာလိုက်စား ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

(၃) ရိုးသားခြင်း
          အောင်မြင်မှုတွေ ဆာလောင်မွတ်သိပ်နေတဲ့ သင်နဲ့ အကျွန်ုပ်တို့အတွက် အလိုအပ်ဆုံးအရာ တွေထဲက တစ်ခုကတော့ ရိုးသားခြင်းပဲ ဖြစ်ပါတယ်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ ရည်စူးပြီး တရားထိုင် နေတဲ့ ယောဂီသူတော်စင်တွေဟာ ရိုးသားမှု၊ မလှည့်စားမှု လိုအပ်တယ်ဆိုပြီးတော့ ဗုဒ္ဓက အသဌ၊ အမာယာဝီဆိုတဲ့ ဝေါဟာရတွေသုံးပြီးတော့ ဗောဓိရာဇကုမာရသုတ်မှာ ဟောတော်မူခဲ့ပါတယ်၊ မိမိမှာ မရှိသေးတဲ့ မသိသေးတဲ့အဆင့်မြင့် မဂ်ဖိုလ်တရားတွေကို ရှိသယောင် ဟန်ဆောင်လှည့်စားပြီး လူတွေအထင်ကြီးအောင် နေမယ်ဆိုရင် အဲဒီယောဂီဟာ နိဗ္ဗာန်နဲ့ ဝေးနေအုံးမှာ ဖြစ်ပါတယ်၊ ရိပ်သာ တစ်ခုခုမှာ တရားထိုင်နေတဲ့ ယောဂီဖြစ်မယ်ဆိုရင်လည်း ကမ္မဋ္ဌာနာစရိယ ဆရာတော်က တရားစစ်တဲ့ အခါမှာ လူတွေအထင်ကြီးအောင် လိမ်ညာပြီး တရားလျှောက်မယ်ဆိုရင် ဆရားပတ်သာ ပြီးသွားမယ်၊ အနည်းဆုံး စိတ်ငြိမ်းချမ်းမှုလေးတောင် ရမှာမဟုတ်ပါဘူး။
          ထိုနည်းတူစွာပဲ ဘ၀အသီးသီး အလွှာအမျိုးမျိုးမှာ အောင်မြင်မှုတွေရဖို့ ကြိုးစားနေကြတဲ့ လူတိုင်းဟာလည်းပဲ ရိုးသားမှုကို အကောင်းဆုံးအင်အားအဖြစ် လက်ကိုင်ပြုပြီး ကျိုးစားမယ်ဆိုရင် အောင်မြင်မှုကို မရနိုင်စရာမရှိပါဘူး။ သင့်ပတ်ဝန်းကျင်မှာလည်းပဲ ရိုးသားမှုကို အခြေခံပြီး အောင်မြင် ကြီးပွားနေကြတဲ့ လူတော်တော်များများကို သင်လဲတွေ့ဖူးမှာ ဖြစ်ပါတယ်။
          ဒါပေမဲ့ လိမ်ညာလည့်ပတ်ပြီး အောင်မြင်သွားသူလည်း ရှိပါတယ်လို့ သင်ထောက်ပြပါလိမ့် မယ်၊ ကျွန်ုပ်လက်ခံပါတယ်၊ ရိုးသားမှုကို အခြေခံပြီး အောင်မြင်သွားသူနဲ့ လိမ်ညာလှည့်ပတ်ပြီး အောင်မြင်သွားသူတွေဟာ သူတို့ရဲ့ပတ်ဝန်းကျင်မှာ အများကြီးကွာခြားသွားမှာ ဖြစ်ပါတယ်။ လူတွေ ဟာ ကိုယ့်သမိုင်းကို မိမိကိုယ်တိုင်ပဲ ရေးနေကြတာဖြစ်လို့ သမိုင်းစာမျက်နှာ တစ်ခုခုမှာ အမည်းအ စွန်း ရှိမိရင် သားစဉ်မြေးဆက်အထိ အဲဒီအမည်းစက်က လိုက်လွှမ်းမိုးတတ်ပါတယ်။
          ရိုးသားမှုဆိုတဲ့ အဓိပ္ပာယ်ဟာ ထုံထိုင်းဖျင်းအခြင်းကို မဆိုလိုသလို မလည်ရဘူး၊ မပါးနပ်ရဘူး လို့လဲ မဆိုလိုပါဘူး၊ ကျွန်ုပ်တို့ မည်သည့်လုပ်ငန်းပဲ လုပ်လုပ်လိမ္မာပါးနပ် လည်ဝယ်ဖို့တော့ အမြဲလို အပ်ပါတယ်၊ မိမိရင်းနှီးပေးဆပ်ထားတဲ့ အရင်းအနှီးနဲ့ ထိုက်တန်တဲ့ အကျိုးအမြတ်ကို ယူကြရမှာဖြစ် သလို မိမိလုပ်ငန်းရဲ့ လက်ရှိအနေအထား ဘာတွေအားနည်းချက်ရှိသလဲ၊ ဘာတွေလိုအပ်နေသလဲ အစရှိတဲ့မိမိလုပ်ငန်းနဲ့ ပတ်သတ်တဲ့ သိသင့်သိထိုက်တာတွေကို လည်လည်ပတ်ပတ် သိထားဖို့က တော့ လိုအပ်မှာ ဖြစ်ပါတယ်။
          ဗုဒ္ဓပြောတဲ့ ရိုးသားခြင်း အသဋ္ဌနဲ့ အမာယာဝီ ဆိုတာကတော့ သူတစ်ပါးကို လိမ်ညာကောက် ကျစ်မှုမရှိဘဲ ထိခိုက်နစ်နာအောင်မလုပ်ဘဲ မိမိရဲ့လမ်းကြောင်းအတိုင်း သတိထားပြီး အောင်မြင် အောင် လျှောက်လှမ်းခြင်းပဲ ဖြစ်ပါတယ်။


(၄) ကြိုးစားအားထုတ်ခြင်း
          ဗုဒ္ဓက ဗောဓိရာဇကုမရသုတ်မှာ နိဗ္ဗာန်မဂ်ဖိုလ်ကို ရည်မှန်းပြီး တရားထိုင်နေတဲ့ ယောဂီတစ် ယောက်မှာ နောက်ထပ်ရှိရမည့် အရည်အချင်း တစ်ခုကတော့ ကြိုးစားအားထုတ်မှု ဖြစ်ပါတယ်ဆိုပြီး တော့ အာရဒ္ဓ၀ီရိယဆိုတဲ့ ဝေါဟာရနဲ့ ဟောထားခဲ့ပါတယ်။ ဗုဒ္ဓဘာသာတို့ရဲ့ နိဗ္ဗာန်ဆိုတာဟာ ထိုင်ပြီးဆုတောင်းနေရုံနဲ့ မရနိုင်ပါဘူး၊ တကယ့်ကို အဆက်မပြတ် ကြိုးစားပါမှ သင်္ခတတရားတို့ရဲ့ အမြဲမပြတ်ပြောင်းလဲနေပုံကို သဘောပေါက်ပြီး ဒီလိုအမြဲမပြတ်စီးမျှော ပြောင်းလဲနေတဲ့ အခြေအနေ လုံးဝမရှိတဲ့ နိဗ္ဗာနဓါတ်အာရုံတစ်မျိုးကို အာရုံပြုမိသွားနိုင်မှာ ဖြစ်ပါတယ်။
          စွန်းလွန်းဆရာတော်ကြီး ဦးက၀ိ တရားရှာခဲ့စဉ်က ကိလေသာ သေရင်သေ မသေရင် ငါသေ တိုတဲ့ ခိုင်မာတဲ့စိတ်ဓါတ်နဲ့ ကြိုးစားခဲ့ကြတာပါ၊ ဝေဘူဆရာတော်ကြီးကလဲ ( ၂၄) နာရီ အဆက်မ ပြတ် ထိ-သိ-သတိနဲ့ မှတ်စမ်းပါ၊ ထူးပါလိမ့်မယ်လို့လဲ မိန့်ခဲ့ဖူးပါတယ်။
          လောကကြီးကို လိုက်ကြည့်မယ်ဆိုရင်လည်း တကယ်လေးစားလောက်တဲ့ အောင်မြင်မှုမှန်သ မျှ ကြိုးစားမှုနဲ့ကင်းပြီး မရနိုင်ပါဘူး၊ ကျွန်ုပ်အနေနဲ့ ငယ်စဉ်တည်းက ဘ၀မှာအောင်မြင်မှုရသွားတဲ့ ပုဂ္ဂိုလ်တွေရဲ့ အကြောင်းတွေကို တော်တော်ဖတ်ခဲ့ဖူးပါတယ်၊ အောင်မြင်သွားကြတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေရဲ့ ရင်ထဲက ထွက်လာတဲ့ တူညီသော စကားတစ်ခွန်းကတော့ ” ကြိုးစားဖို့ ” ဆိုတာပါပဲ။ သူတို့အကြောင်းတွေကို လေ့လာပြီး မျှဝေလိုက်ချင်တဲ့ စကားတွေကတော့ ” နေရာဒေသတစ်ခုမှာ၊ ပညာရပ်နယ်ပယ်တစ်ခုခုမှာ စကားကုန်ပြောရရင် ကမ္ဘာကြီးရဲ့ မည်သည့်အဖွဲ့အစည်း၊ မည်သည့် နေရာမှာပဲဖြစ်ဖြစ် တော်တယ်၊ တတ်တယ်၊ အောင်မြင်တယ် ” ဆိုတဲ့လူတွေဟာ သူများထက်ပိုပြီး ကြိုးစားတဲ့သူတွေပါပဲ။
          ဒါကြောင့် မည်သည့်အောင်မြင်မှုမျိုးမဆို လိုချင်ရင် ပထမဆုံး မိမိဆီကပေးဆပ်ရာမှာကတော့ ကြိုးစားမှုပါပဲ။



(၅) ဝေဖန်ပိုင်းခြားဆင်ခြင်နိုင်ခြင်း
          သင်ဟာ လောကီ သို့မဟုတ် လောကုတ္တရာ အောင်မြင်မှုတစ်ခုခုကို ရည်စူးပြီး ကြိုးစားနေသူ ဆိုပါစို့၊ သင့်မှာ နောက်ထပ်ရှိသင့်တဲ့ ရှိရမည့် အရည်အချင်းတစ်ခုကတော့ ဝေဖန်ပိုင်းခြားဆင်ခြင်နိုင် ခြင်းပါပဲ။
          ဥပမာ-အလွန်အင်မတန်မှ ရှုပ်ထွေးခက်ခဲတဲ့ သင်္ချာတစ်ပုဒ်ကို တွက်နေတယ် ဆိုပါစို့၊ ခက်ခဲ တဲ့အတွက်ကြောင့် သင် ပိုမိုအာရုံစူးစိုက်ရပါမယ်၊ ရရှိလာတဲ့ အဖြေအဆင့်ဆင့်ပေါ်မှာ သတိလေးထား ရှိပြီးတော့ အဆက်မပြတ် အဖြေရှာတဲ့အခါမှာပေါ့၊ အဲဒီ ခက်ခဲပါတယ်ဆိုတဲ့ သင်္ချာပုစ္ဆာကို ကျကျနန ပီ ပီပြင်ပြင် နားလည်သဘောပေါက်ပြီးတော့ အဖြေတစ်ခုကို ရှာဖွေတွေ့ရှိသွားမှာ ဖြစ်ပါတယ်။ အဖြေမ ထွက်ခင် နားလည်သဘောမပေါက်ခင်မှာတော့ အဖြေမှန်နဲ့ ခြားနားမတူညီတဲ့ အဖြေတွေပဲ ထွက်နေ မှာ ဖြစ်ပါတယ်။ နားလည်သဘောပေါက်သွားပြီးတဲ့ နောက်မှာတော့ ဘယ်အချိန်ပဲတွက်တွက်၊ ဘယ်အချိန်ပဲစဉ်းစားစဉ်းစား အဖြေကတော့ အမြဲတစ်ခုတည်းပဲ ထွက်နေပါလိမ့်မယ်။
          ကျွန်ုပ်တို့ရဲ့ ဘ၀ဖြစ်စဉ်ဟာလည်း တကယ်ရှုပ်ထွေးသိမ်မွေ့ပါတယ်၊ သက်တမ်းတစ်ခုအ တွင်းမှာ လူတစ်ယောက်ဟာ ၀မ်းသာပျော်ရွှင်ခြင်း၊ ငိုယိုဝမ်းနည်းခြင်း၊ အထီးကျန်ဆန်ခြင်း၊ အပေါင်း အသင်းတွေနဲ့ ပြည့်စုံခြင်း၊ စိတ်ဓါတ်တက်ကြွနေခြင်း၊ စိတ်ဓါတ်တွေကျဆင်းနေခြင်း၊ နူးညံ့နေခြင်း၊ ကြမ်းတမ်းနေခြင်း၊ ချစ်တတ်နေခြင်း၊ မုန်းမိနေခြင်း၊ အစရှိတဲ့ စရိုက်အဖုံဖုံ ကကွက်မျိုးစုံကို ကပြအသုံး တော်ခံ နေရာတာကို တွေ့ရမှာဖြစ်ပါတယ်၊ ကရင်း ကရင်းနဲ့ သူသွားနေတဲ့ ဦးတည်ရာကတော့ သေ ခြင်းတရား ဖြစ်ပါတယ်၊ ဒီလိုနဲ့ သူဟာလမ်းဆုံးရောက် သေခြင်းနဲ့တွေ့တစ်ခါပြန်ပြီးမွေးဖွား ဘ၀သစ် တစ်ခုမှာ ကကွက်မျိုးစုံ ပြန်လည်ကပြ အသုံးတော်ခံ၊ ခရီးတစ်ခုဆုံး၊ ခရီးတစ်ခုပြန်စနဲ့ ရှည်လျားလှတဲ့ ခရီးစဉ်ကြီးတစ်ခုမှာ ပါဝင်ပတ်သက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။
          ဗုဒ္ဓဘာသာတစ်ယောက်ရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ဆိုတာဟာလည်း ဘ၀လို့ခေါ်တဲ့ ကြောင်းကျိုးဖြစ်စဉ်ကြီးကို ရပ်တန့်ဖို့ပဲ ဖြစ်ပါတယ်၊ အကြောင်းတရားတွေမရှိတဲ့ တစ်နေ့မှာ အကျိုး တရားတွေလည်း မဖြစ်တော့ဘဲ သူပါဝင်ပတ်သက်နေတဲ့ လောကကြီးကနေ အပြီးသတ်လွတ်မြောက် သွားဖို့ပဲ ဖြစ်ပါတယ်။
          ဒီအတွက် ဗုဒ္ဓဘာသာဖြစ်တဲ့ သင်တို့ ကျွန်ုပ်တို့ဟာ တရားထိုင်ရခြင်း ဖြစ်ပါတယ်။ ကြိုးစား ရင် တစ်နေ့ နိဗ္ဗာန်ရောက်မှာပဲဆိုပြီး ၀ီရိယတစ်ခုတည်း အားကိုးလို့ မရပါဘူး၊ ဉာဏ်နဲ့ဆင်ခြင်ပိုင်း ခြား ဆုံးဖြတ် သုံးသပ်ဖို့ လိုပါတယ်၊ ကျေးဇူးရှင် ဓမ္မဒူတ ဆရာတော်ကြီးပြောသလို တကယ်ဝိပဿ နာလမ်းကြောင်းပေါ် ရောက်သွားရင် ထိုင်သလိုတော့ မထိုင်တော့ဘူး၊ ဒါပေမဲ့ မထိုင်သလိုလိုနဲ့ ထိုင် နေတယ်ဆိုသလိုပါပဲ၊ တင်ပျဉ်ခွေထိုင်ပြီး မျက်စိမှိတ်ထားမှ တရားထိုင်တာ မဟုတ်တော့ပါဘူး၊ တခါ တလေ တရားသီးသန့် မထိုင်ပဲနဲ့ သွားရင်းလာရင်း မိမိသန္တာန်မှာ ဘာတွေဖြစ်နေသလဲဆိုတာ သတိ ထားမိနေတတ်ပါတယ်။ လမ်းကြောင်းပေါ်မရောက်ခင်တုန်းက မိမိရဲ့သန္တာန်မှာ လောဘဖြစ်လို့လည်း ဖြစ်မှန်းမသိ၊ ဒေါသဖြစ်လို့လည်းဖြစ်မှန်းမသိပါဘူး တကယ်ဝိပဿနာလမ်းကြောင်းပေါ် ရောက်လာ တော့မှ လောဘဖြစ်နေရင်လဲ ဖြစ်မှန်းသိလာသလို ဉာဏ်နဲ့လည်း လိုက်ကြည့်နေမိပါလိမ့်မယ်၊ တခါတလေ လောဘဖြစ်နေတာကို လိုက်ကြည့်ရင်းနဲ့ ပျောက်သွားတော့ အော် ဖြစ်ပြီးတော့ ပျက် သွားတာပါလား လို့ဆင်ခြင်နေမိပါလိမ့်မယ်။
          တကယ်အရှိန်ရလာတဲ့အခါမှာ ယောဂီဟာ သူအပါအ၀င် ဘယ်ပဲကြည့်ကြည့် အားလုံးဖောက် ပြန် ပျက်စီးနေတာကိုပဲ တွေ့နေရပြီး လွတ်မြောက်လိုတဲ့ ဆန္ဒတွေ ပေါ်လာမယ်၊ ဒါပေမဲ့ ဖြစ်ပျက်က လွတ်နေတဲ့ အာရုံတစ်ခုကို မတွေ့နိုင်သေးဘဲ ဆက်ကြိုးစားရင်းနဲ့ ဖြစ်ပျက်တွေမရှိတဲ့ အာရုံတစ်ခုခု ကို ဉာဏ်မျက်စိနဲ့ မြင်သွားမှာ ဖြစ်ပါတယ်။
          ဒါဟာ လောကုတ္တရာ အောင်မြင်မှုကိုရဖို့ ကြိုးစားရာမှာ ဝေဖန်ပိုင်းခြားဆင်ခြင်နိုင်တဲ့ ဉာဏ် ပညာရဲ့ အရေးပါပုံကို အကျဉ်းချုပ် တင်ပြခြင်းပဲ ဖြစ်ပါတယ်။ ထိုနည်းတူစွာပဲ လောကီအောင်မြင်မှု တွေအတွက် လှုပ်ရှားရုန်းကန်ရှာဖွေနေကြတဲ့အခါမှာ အကွက်ကျော်မြင်ဖို့ ပါးနပ်ဖို့ ပါးနပ်ဖို့ အခြေအ နေ အရပ်ရပ်ကို သုံးသပ်နိုင်ဖို့ ဉာဏ်ကိုလွှာသုံးဖို့ ကျွန်ုပ်တို့ လိုအပ်ပါတယ်၊ အောင်မြင်သွားတဲ့ လူ တော်တော်များများကို လိုက်ပြီးလေ့လာကြည့်တဲ့အခါမှာလည်း သာမန်လူတွေထက်ပိုပြီး အကွက် ကျော်မြင်နေတာ၊ ပါးနပ်နေတာ၊ အခြေအနေ အရပ်ရပ်ကိုသုံးသပ်နိုင်တာ၊ ဉာဏ်ကိုလွှာသုံးနိုင်တာကို တွေ့ရပါတယ်။
          ဒါကြောင့် မည်သည့်အောင်မြင်မှုပဲလိုလို ဝေဖန်ပိုင်းခြား ဆင်ခြင်နိုင်ခြင်းဟာလည်း အဓိက အ စိတ်အပိုင်းအနေနဲ့ ပါဝင်နေရခြင်း ဖြစ်ပါတယ်။
          ကျွန်ုပ်တို့တစ်တွေဟာ အူဝဲ အူဝဲနဲ့ လူထဲရောက်လာကတည်းက အောင်မြင်မှု အဆင့်ဆင့်ရ ဖို့ ဘ၀တစ်လျှောက်လုံး ကြိုးစားရတာဖြစ်လို့ ဘ၀ဆိုတာ အဆက်မပြတ်ကြိုးစားခြင်းလို့တောင် ဆို ချင်ပါတယ်၊ သင်တို့ ကျွန်ုပ်တို့ ကြိုးစားနေတာတွေဟာ ထာဝရအဆုံးသတ်အောင်မြင်ခြင်းအတွက် ဖြစ်ချင်လည်းဖြစ်ပါလိမ့်မယ်၊ သို့မဟုတ် လောကီအောင်မြင်မှုတွေအတွက်လည်း ဖြစ်ချင်ဖြစ်ပါလိမ့် မယ်၊ မည်သည့်အောင်မြင်မှုမျိုးကိုမဆို သင်အလိုရှိတယ်ဆိုရင် ” ဗောဓိရာဇကုမာရသုတ် ” မှာ ဗုဒ္ဓ ဟောခဲ့တဲ့ (၁) ယုံကြည်မှုရှိခြင်း (၂) ကျန်းမာခြင်း (၃) ရိုးသားဖြောင့်မတ်ခြင်း (၄) ကြိုးစားအားထုတ် ခြင်း (၅) ဝေဖန်ပိုင်းခြားဆင်ခြင်နိုင်ခြင်း ဆိုတဲ့ ဒီနည်းတွေကိုအသုံးပြုမယ်၊ ကျင့်သုံးမယ်ဆိုရင် သင့် ဘ၀မှာ သင်လိုချင်တဲ့ အောင်မြင်မှုကို ရရှိနိုင်မှာ ဖြစ်ပါတယ်၊
          လောကီအောင်မြင်မှု အဆင့်ဆင့်ကနေ နောက်ဆုံး အဆုံးသတ်အောင်မြင်ခြင်းကို ရရှိပြီး ဒုက္ခ သစ္စာ ဘ၀လှောင်ချိုင့်ထဲမှ လွတ်မြောက်နိုင်ကြပါစေ။

ကောင်းဆုဝေ ( နည်းပြ - အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် )

No comments: