လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းရွှင်လန်းချမ်းမြေ့ပါစေ....

ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...

လင်ကောင်းတစ်ယောက်ရဲ့ကျင့်ဝတ်

ဗုဒ္ဓဘုရားရှင် ( ၄၅ ) ၀ါပတ်လုံး ဟောကြားတော်မူခဲ့သော တရားဒေသနာတော်များသည် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရေးကိုသာ အများအားဖြင့် ရှေးရှုဟောကြားခဲ့သည်မှာ မှန်ပါသော်လည်း ဘုရားရှင်၏ ရည်ရွယ်တော်မူရင်းအတိုင်း ၀ိမုတ္တိရသကို မခံစားရသေးမီအတွင်းမှာပင် လောကီသုခကို လက်တွေ့ ခံစားနိုင်ခွင့်ရရေးအတွက်လောကီကြီးပွားရေး ၊ လူမှုရေး တရားတို့ကိုလည်း ဟောကြားခဲ့ပါသည် ။
ထိုလူမှုရေးတရားတွင် လူ့လောက လူ့ဘောင်အတွက် အရေးကြီးဆုံးလူမှုရေးတာဝန်ဖြစ်သော လင်ယောက်ျားကျင့်ဝတ် ၊ဇနီးမယားကျင့်ဝတ်တို့သည် လူ့လောက လူ့ဘောင်သာယာဝပြောရေး ၊ ပစ္စုပ္ပန်သံသရာနှစ်ဖြာ ကောင်းကျိုးစီးပွားဆောင်ရွက်နိုင်ရေးတို့အတွက် အလွန်ပင်အရေးပါလှသော ကျင့်ဝတ်များဖြစ်ပါသည် ။ဗုဒ္ဓဘုရားရှင်က သိင်္ဂါလသတို့သားအား ဟောကြားခဲ့သော လင့်ကျင့်ဝတ် ၊ မယားကျင့်ဝတ်တို့ကို သင်္ဂဇာဆရာတော်ဘုရားကြီးက မြန်မာဘာသာ လင်္ကာဖြင့် ပြုစုရေးသားခဲ့ပါသည် ။
လင့်ကျင့်ဝတ် ငါးပါး
( ၁ ) မထေမဲ့ကင်း
( ၂ ) အပ်နှင်းဥစ္စာ
( ၃ ) မိစ္ဆာမမှား
( ၄ ) ၀တ်စားဆင်ယင်
( ၅ ) မြတ်နိုးကြင် ငါးအင်လင်ကျင့်ရာ ။
ဤဖော်ပြပါ လင်ကျင့်ဝတ် အချက်ကြီးများတွင် မည်သည့်အချက်သည် အရေးမကြီးလှသဖြင့် လိုက်နာရန်မလိုဟု
ယူဆစရာ အချက်တစ်ချက်မျှ မပါဝင်ပေ ။


မထေမဲ့ကင်း
" ငါကယောက်ျားဖြစ်သည့်အတိုင်း အိမ်ထောင်တစ်ခုလုံးအတွက် ရှာဖွေကျွေးမွေးကာ တာဝန်ယူရသူဖြစ်သည် ။
ထို့ကြောင့် ငါ့လုပ်စာစားနေသော မိန်းမသားအပေါ်၌ အရေးတယူ အလေးမူစရာမလို " ဟူ၍လည်းကောင်း ။
" ငါက ယောက်ျားရင့်မကြီး ဖြစ်သောကြောင့် ငါလုပ်သမျှ ငါပြောသမျှ ခံရမည်သာဖြစ်သော အားနွဲ့သည့်မိန်းမသား
အပေါ်၌ ရိုသေလေးစား အရေးထားလျှင် ပိုရုံပဲရှိမည် " ဟူသော သဘောထားကာ နှိမ့်ချပြီး ပေါင်းသင်းဆက်ဆံလျှင်
တရားတော့မည်မဟုတ်သလို ယောက်ျားကောင်းတစ်ယောက်လည်း ပီသတော့မည် မဟုတ်ပါချေ ။
အချို့ယောက်ျားတို့သည် အားထားလောက်သောဇနီး ၊ လေးစားလောက်သောဇနီး ၊ ငဲ့ညှာထိုက်သော အချက်အလက်
များနှင့် ပြည့်စုံသောဇနီးမျိုးကို ရစေကာမူ ---
- မယားနေစ ကြောင်သေမှ
- မယားနှင့်နွား မသနားနှင့် -
ဟူသော လူမိုက်တို့၏စကားကို အားကျကာ တစ်ဖက်သက် အနိုင်ယူတတ်ဖို့လောက်သာ အာရုံပြုထား စိတ်ဝင်စားကြသည် ။
" မိန်းမကို ဘယ်လိုဿးကျိုးအောင် ချိုးရမည်လဲ ၊ ဘယ်လိုအနိုင်ယူရမည်လဲ " ဟု မေတ္တာမဖက်သော စိတ်ဓာတ်ဖြင့်
ရန်သူသဖွယ် ၊ မိမိကယောက်ျားကောင်း ၊ ယောက်ျားမြတ်သဖွယ် သဘောထားကာ ကိုယ်ဖြင့်လည်းကောင်း ၊ နှုတ်ဖြင့်လည်းကောင်း အမျိုးမျိုးသောနှိပ်စက်မှုမျိုးကို ပြုတတ်ကြလေသည် ။ ထိုကဲ့သို့သော ယောက်ျားဆိုးမျိုးတို့၏ မတရားသဖြင့်မထေမဲ့မြင်ပြုမှု ၊ ပြောဆိုနှိပ်စက်မှုများကို အချို့အမျိုးသမီးများအဖို့ မျိုသိပ်ကာ သည်းခံနေကြလိမ့်မည်မဟုတ်ချေ ။
" ပါးကိုက်တော့ နားကိုက်မည် " ဆိုသကဲ့သို့ စွမ်းအားရှိသရွေ့ တုံ့ပြန်တတ်ကြသည်ကို တွေ့ရ မြင်ရဖူးကြပေလိမ့်မည် ။
အချို့အမျိုးသမီးများအဖို့ အကြောင်းအမျိုးမျိုးတို့ကြောင့် " မနိုင်၍ သည်းခံရခြင်း " သဘောဖြင့် ပြုမူနေထိုင်ကြရသော်လည်း " နေသေးသပ ခြုံထဲက - ချိုသွေးသပ တမြမြ " ဆိုသကဲ့သို့ ရှိတတ်ကြလေသည်။ချို့အမျိုးသမီးများမူ ထိုကဲ့သို့ ဆိုးဝါးသောလင်သားအပေါ်၌ မိမိ၏ အားကိုးရာမဲ့သော အခြေအနေ ၊ ချစ်ခင်စွဲလန်းသောစိတ် စသည်တို့ ဖုံးလွှမ်းထားမှုကြောင့် တုန့်ပြန်ရေး ၊ လက်စားချေရေးကို မတွေးတောရှာတော့ဘဲ ဘ၀ကုသိုလ်ကံပဲဟု ဆိုကာ အညှင်းဆဲခံဘ၀ ၊ မထေမဲ့မြင်အပြုခံဘ၀ဖြင့် အိမ်ထောင်မှုဒုက္ခကို စုံမှိတ်၍ ခံကြရရှာလေသည် ။ဤကဲ့သို့သော အိမ်ထောင်ရေးဒုက္ခများ မရောက်ကြစေရန်နှင့် နှိမ့်ချခေါ်ဝေါ်ပြောဆိုခြင်း စသော မထေမဲ့မြင်မပြုရဟုဘုရားရှင်က လင်ကောင်းတစ်ယောက်၏ ဦးစွာသောကျင့်ဝတ်ကို ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပါသည် ။ဤနေရာတွင် ချစ်မေတ္တာအရင်းခံဖြင့် ချစ်စနိုးခေါ်ဝေါ်ပြုမူမှုများကိုကား မထေမဲ့မြင် ပြောဆိုပြုမူခြင်းဟူ၍ မယူဆထိုက်ပေ ။
" အကျီစားသန် ရန်ဖြစ် " ဟူသော အဆိုစကားအရ တစ်ဦးနှင့်တစ်ဦး မခံချင်လောက်အောင် ကျီစားမှု - အကြီးအကျယ် ရန်မီးပွားစေတတ်သည့် အထိ ပြုမူပြောဆိုမှုတို့ကား မပြုလုပ် ၊ မပြောဆိုသင့်ကြပေ ။
အချို့သော လင်ယောက်ျားများက -
" မိန်းမရှိခိုး - သွားမကျိုး ၊
မိန်းမရိုသေ - အသက်ရှည် "
ဟူသောဆိုရိုးများကို လက်ကိုင်ပြုကာ လွန်လွန်ကဲကဲအရေးပေးတတ်ကြသဖြင့် အပေါင်းအသင်းလောက၌ အဆင်မပြေခြင်း ၊ ကြီးပွားရေးလမ်းစ မဖြေင့်ဖြူးခြင်း စသော အပြစ်များ ဖြစ်ပွားတတ်ကြပေသည် ။
" ကျီး ဘုတ်ရိုသေ ၊ ဘုတ် ကျီးရိုသေ "
ဆိုသော စကားပုံကဲ့သို့လည်းကောင်း ၊ လင်နှင့်မယားလျှာနှင့်သွား ဆိုသကဲ့သို့လည်းကောင်း မယုတ်မလွန် တစ်ဦးနှင့်တစ်ဦး မေတ္တာနှင့်ယှဉ် စေတနာဖြင့်ငင်၍ အိမ်ထောင်သာယာရေးကို တည်ဆောက်ကြရသည် ။

အပ်နှင်းဥစ္စာ
အိမ်ဦးနတ်ဟု ခေါ်ဝေါ်သမုတ်ခံရသော အိမ်ထောင်ဦးစီးဖြစ်သော လင်ယောက်ျားတို့သည် အများအားဖြင့် အိမ်၏ပြင်ပသို့ထွက်ကာ ပစ္စည်းဥစ္စာ ရှာဖွေခြင်းဖြင့် အချိန်များစွာကုန်ရလေသည် ။ ထို့ကြောင့် ရလာသောပစ္စည်းကို အိမ်နှင့်ကြမ်းမကွာဝေဖန်သုံးစွဲလျက် အိမ်မှုကိစ္စကို ကျေပွန်အောင်ဆောင်ရွက်ရမည့် တာဝန်ရှိသော အိမ်သူသားမယားအား ရသမျှ ဥစ္စာပစ္စည်းများကို အပ်နျင်းသင့်လှပါသည် ။
အချို့ယောက်ျားများသည် စိတ်ချရသော မိန်းမ ၊ မျက်နျာလွှဲရသော မိန်းမများအပေါ်မှာပင် ရသမျှပစ္စည်းဥစ္စာတို့ကို ပုံနှံမအပ်ဘဲ အကြံဆိုးဖြင့် တိတ်တဆိတ် စုဆောင်းထားကြပြီးလျှင် အလွဲသုံးစားပြုခြင်း ၊ တရားမျှတမှုမရှိဘဲ မိမိကိုယ်တိုင်ဝေဖန်ခွဲခြမ်းခြင်း စသည်တို့ကို ပြုလုပ်တတ်ကြလေသည် ။ ထိုအခါ ဓာတ်ဆီမထည့်သော ကားကြီးကဲ့သို့ အိမ်ထောင်ရေး
သုခတည်းဟူသော ပန်းတိုင်သို့ ရောက်အောင်မမောင်းနှင်နိုင်ဘဲ ရှိတတ်ကြလေသည် ။
မိန်းမထံ ဥစ္စာမအပ်နှံသဖြင့် အိမ်သူမိန်းမမှစိတ်ဆင်းရဲဖွယ်အမျိုးမျိုးနှင့်ကြုံရပြီးလျှင် ကြာလေကြာလေ မိမိဂုဏ်သိက္ခာကိုပါထိခိုက်လာသည်ဟုဆိုကာ မထေမဲ့မြင်ပြုလာတော့သဖြင့် လင်ယောက်ျားကိုယ်တိုင်ပင် စိတ်ဆင်းရဲဖွယ် အမျိုးမျိုးနှင့်ကြုံရတတ်လေသည် ။

မိစ္ဆာမမှား
တဏှာချစ်နှင့် ပက်သက်လာလျှင် မနာလိုစိတ် ၊ သ၀န်တိုစိတ် ရှိကြသည်မှာ လောကဓမ္မတာ
သဘောမျိုးဖြစ်သည် ။
" မုန့်သာဝေစားမယ် ၊ လင်ကို ဝေမစားနိုင်ဘူး " " ထမင်းကိုသာ ဝေသာစားရဲ့ လင်ကို မထိနဲ့ဆရာ " ဟူသော
လောကဝေါဟာရ ပြောဆိုကြလျှက်ရှိရာ ဝေစားရလျှင် - အထိခံရလျှင် ဒေါသကြီးကာ မီးပွင့်တတ်ကြစမြဲ ဖြစ်သည် ။ထို့ကြောင့် လင်က ကိုယ်ပိုင်မယားကိုသာ အလိုရှိသကဲ့သို့ မယားကလည်း ကိုယ့်လင်တစ်ဦးတည်းကိုသာ အလိုရှိတတ်ကြပေသည် ။ အချို့သူတို့သည် ချစ်သူများများရှိခြင်း ၊ မယားများများယူနိုင်ခြင်းကိုပင် အသာအယာကြီး သာယာကာ ဂုဏ်ယူတတ်ကြပေသည် ။
" ယောက်ျားကောင်း မောင်းမတစ်ထောင် " ဟူသော စကားကိုအသုံးပြုကာ မယားများများရမှု
ကို အားကျ သဘောကျတတ်သည် ။ အမှန်အားဖြင့် ဤစကားသည် ယောက်ျားတိုင်းနှင့်ဆိုင်သောစကား မဟုတ်ချေ ။
ရှေးအခါက ထုံးတမ်းစဉ်လာအရ သမ္မုတိနတ်ဟုဆိုအပ်သော ဘုရင်မင်းနှင့်ဆိုင်သော စကားဖြစ်သည် ။ ဘုရင်များ၏တိုင်းပြည်လုံခြုံရေးအရ သမီးကညာဆက်သသည်ကို လက်ခံသိမ်းပိုက်ခြင်းကို တင်စားပြောဆိုသော စကားသာဖြစ်ပါသည် ။ ကိုယ်ပိုင်ဇနီးရှိလျှက် စိတ်ဓာတ်ဖောက်ပြားအချစ်ပွား၍ ပျော်ပါးလိုက်စားသူတို့သည် မိမိကိုယ်ကိုမိမိပင် ပျက်ဆီးအောင်ဖျက်ဆီးသကဲ့သို့လည်း ဖြစ်တတ်ပေသည် ။
သို့တွက် လင်ကောင်းတစ်ယောက်သည် မိန်းမနှင့်ပက်သက်၍ မိမိဇနီးမှ တစ်ပါးသောမိန်းမများအပေါ်၌ အမေ ၊ ညီမ ၊အဒေါ် သဘောထားသောစိတ်ကို မွေးမြူ၍ ဆက်ဆံကြရသည် ။ ဖောက်ပြန်သောစိတ်ကို မမွေးရပါ ။ မိန်းမဘက်ကဖောက်ပြန်လာသည်ကိုတွေ့က ထိုအတွေ့ကိုမသာယာဘဲ ဘီလူးသဘက်သဖွယ် သဘောထားသင့်လှပါသည် ။
ဝတ်စားဆင်ရင်
ဇနီးတွင် အ၀တ်အစားနွမ်းပါးက မိမိဂုဏ်လည်းညှိုးနွမ်းတတ်လေသည် ။ လင်ယောက်ျားကောင်းတစ်ယောက်သည်မိန်းမကို " ကျွန်စုတ်နှင့် သရက်စေ့ " ကဲ့သို့ ဖြစ်အောင် မထားရပေ ။ ချစ်ဇနီးဟူသည် မိမိ၏စိတ်ကို သာယာဖွယ်ပြုရန်တာဝန်အရှိဆုံးသူဖြစ်လေရာ လှပစွာတန်ဆာမဆင်ခဲ့ပါလျှင် ၊ မိမိပင် မိမိမယား၌ စိတ်ပျက်စိတ်ကုန် ခံစားရတတ်သည် ။
" မိန်းမတို့၏ ကိုယ်ပိုင်ဥစ္စာကား အဆင်းတည်း "
" လူမှာအ၀တ် တောင်းမှာအကွပ် "
ဆိုထားသည့်အတိုင်း တော်ရုံတန်ရုံ ရုပ်ရည်ကို အ၀တ်ဖြင့် တင့်တယ်စေနိုင်သည် ။ အ၀တ်တို့၌ လောလီမှုမရောက်အောင်လည်း လင်ယောက်ျားသည် သင့်လျော်အောင် ဆင်မြန်းပေးရသည် ။

မြတ်နိုးကြင်
အိမ်ထောင်ရေးတွင် မြတ်နိုးချစ်ကြင်သည့် စိတ်ကား အလွန်ပင်အရေးပါအရာရောက်သည့် သော့ချက်ကြီးဖြစ်လေသည် ။ထိုစိတ်သာ တကယ်ကြီးမားစွာရှိခဲ့ပါလျှင် မိမိဇနီးအတွက် လိုက်နာရမည့် ၀တ္တရားများကို လိုက်နာရန်ခဲယဉ်းတော့မည်မဟုတ်ချေ ။ ထို့ကြောင့် မူလကပင် ချစ်ခင်မြတ်နိုးမှုမရှိဘဲ အိမ်ထောင်ဘက်ပြုခဲ့ပါလျှင် အဆင်မပြေသော အိမ်ထောင်ရေး ဖြစ်တတ်လေသည် ။ အကောင်းဆုံးမှာ လင်ကလည်း နတ်သားကလေးကဲ့သို့ ထင်ရလေအောင် မယားကလည်းနတ်သမီးလေးကဲ့သို့ ထင်ရလေအောင် ကျင့်ကြံသင့်လေသည် ။ နတ်သားကလေးနှင့်တူသောမိမိသည် ကြင်ဖက်အပေါ်
၌လည်း နတ်သား နတ်သမီးသဖွယ် ကြင်နာစွာ သဘောထား၍ ပေါင်းသင်းထိုက်လှပေသည် ။
စတုကအင်္ဂုတ္တိုရ်ပါဠိတော် ပထမသံဝါသသုတ်၌ ---
" သူ့အသက်သတ်ခြင်းစသော မကောင်းမှုတို့၌ ကျူးလွန်လေ့ရှိသောလင်ကို သူသေလင်ဟူ၍လည်းကောင်း မယားကိုသူသေမယားဟူ၍လည်းကောင်း " ဟောကြားတော်မူခဲ့လေသည် ။
" မကောင်းမှုမှ ကြဉ်ရှောင်လေ့ရှိသောလင်ကို နတ်သားလင်ဟူ၍လည်းကောင်း ၊ မယားကို နတ်သမီးမယားဟူ၍လည်းကောင်း " ဟောကြားတော်မူခဲ့သည် ။ ---
( ၁ ) သူသေလင်နှင့် သူသေမယား
( ၂ ) သူသေလင်နှင့် နတ်သမီးမယား
( ၃ ) နတ်သားလင်နှင့် သူသေမယား
( ၄ ) နတ်သားလင်နှင့် နတ်သမီးမယား ။
အိမ်ထောင်ဘက်ပြုပုံ ( ၄ ) မျိုးကိုလည်း ဟောကြားတော်မူခဲ့ပါသည် ။ သို့တွက် နတ်သားလင်နှင့် နတ်သမီးမယားဖြစ်အောင် တစ်ဦးနှင့်တစ်ဦး ကြင်နာစွာပေါင်းသင်းဆက်ဆံပြီး မကောင်းမှုတို့ကို ရှောင်ကြဉ်ရာသည် ။


No comments: